Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်တွင် ဆန်၊စပါး သယ်ယူခွင့်ကို ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပိတ်ပင်

ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စကာ ဆန်၊ စပါး သယ်ယူမှုကို ကန့်သတ်ပိတ်ပင်လိုက်ဟု သိရသည်။

မြေပုံမြို့နယ် ခေါင်းဖြူအုပ်စုရှိ ရွာများမှ ဆန်သယ်ယူမှုများကို ခေါင်းဖြူဘုန်းတော်ကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

တခြားကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်မည်ဆိုပါက ကျေးရွာဥက္ကဌ၏ ထောက်ခံစာပါမှသယ်ဆောင်ရန် ခွင့်ပြုထားပြီး ဆန်၊စပါးကိုမူ ခေါင်းဖြူရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခွင့်ပြုချက်ရမှသာ တင်ယူခွင့်ရမည်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“သူတို့(စစ်ကောင်စီတပ်သား)တွေ ဒီနေ့ ၆ နာရီလောက်က အစည်းအဝေတစ်ခုလုပ်ခဲ့ကြတယ်၊ အစည်းအဝေးပြီးတော့ ကုန်ပစ္စည်းတွေကိုတော့ ခင်ဗျားတို့ ရွာဥက္ကဌဆီက ထောက်ခံစာတောင်းပြီး သယ်ပါ၊ ဒါပေမဲ့ ဆန်နဲ့ စပါးကျတော့ ကျတော်တို့ဆီက ခွင့်ပြုချက်ယူရမယ်၊ ခွင်ပြုသင့်ရင်တော့ ခွင့်ပြုမယ်လို့ ပြောတယ်” ဟု ဆန်အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောသည်။

ယခုလို စစ်ကောင်စီက ဆန်သယ်ယူမှုကို ကန့်သတ်ပိတ်ပင်လိုက်မှုကြောင့် လယ်သမားများမှာ ဒုက္ခရောက်နေကြရသည်။

“အရင်ကတော့ မြေပုံမြို့ထက်က စပါးလာဝယ်ရင် အကုန်အဆင်ပြေပြေနဲ့ ရောင်းဖြစ်ပါတယ်၊ အခုသူတို့က အဲလို ပိတ်ပင်လိုက်တော့ အရောင်းအဝယ်ကိစ္စတွေ တော်တော်အခက်အခဲ ဖြစ်သွားပြီ” ဟု လယ်သမားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလက တိုက်ခတ်ခဲ့သည့် စီထရံမုန်တိုင်းကြောင့် လယ်သမားမှား၏ လယ်ဧက ၅၀၀၀၀ ကျော် ပျက်စီးခဲ့ကြရသည်။

ထိုပျက်စီးမှုများကြောင့် လယ်သမားများမှာ ဆုံးရှုံးမှုများ အများအပြားရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ ဆန်စပါးသယ်ယူမှုပိတ်ပင်လိုက်သောကြောင့် စားသောက်ရေးအတွက်ပါ အခက်အခဲအကြပ်အတည်းများ ပို၍ ကြုံတွေ့ရလာနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ရခိုင်ပြည် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များကိုလည်း ကုန်းကြောင်း၊ ရေကြောင်း သွားလာမှု ကုန်သွယ်မှုများကို စစ်ကောင်စီက ကန့်သတ်ထားသည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင် စစ်ရေးအသာရရန် ရည်ရွယ်၍ ဖြတ်လေးဖြတ် စနစ်ကို ကျင့်သုံးနေပြီး တဖက်တွင် မှောင်ခိုနည်းဖြင့် ဘုတ်တစီးလျင် ၁ သိန်းမှ ၅ သိန်းထိတောင်းကာ လာဘ်ပေး လာဘ်ယူမှူများပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ