Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့တွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြသန်းပိုင်မြေဟုဆိုကာ လူနေအိမ်် ၅ အိမ် ဖျက်ဆီးခံရ

ABN-နွယ်စိုး

သြဂုတ်-၁၁ ရက်

ရခိုင်ပြည် မြေပုံမြို့အတွင်းရှိ မြောက်ပိုင်းရပ်ကွက်တွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးမြသန်းပိုင်မြေဟုဆိုကာ ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့ ၁၀ နာရီ ၂၁ မိနစ်တွင် အုပ်ချုပ်ရေးမှူးများအပါအဝင် ရဲနှင့်စစ်သားများပူးပေါင်းပြီး လူနေအိမ် ၅ အိမ်ကို ဖျက်ဆီးခဲ့ကာ မြေကွက် သိမ်းယူမှုဖြစ်ပွားခဲ့သည် ဟုသိရသည်။

နေအိမ် ၅ အိမ် ဖြိုချဖျက်ဆီးခံခဲ့ရသည့် အိမ်ပိုင်ရှင်များမှာ ၊ ဦးမုန်းတိုင်းချေ၊ ဒေါ်မအောင်နု၊ မမည်းမချေ၊ ဦးလှတင်မောင်နှင့် ဦးရွှေလှဖြူအိမ်တို့ဖြစ်ကြောင်း သိရသည်။

မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ လူနေအိမ် ၅ အိမ်ကို လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြသန်း ပိုင်မြေဟုဆိုကာ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများနှင့် ရဲ၊စစ်သားအပါအဝင် အင်အား ၃ဝခန့်က ဖြိုချဖျက်ဆီးခဲ့ကြောင်း အိမ်ပိုင်ရှင် ဦးရွှေလှဖြူက ABNသို့ပြောသည်။

“စစ်သားနှင့် ရဲသားတွေက သေနတ် ကျည်ထိုးပြီး ဝင်လာတယ်၊ ချက်ချင်းအိမ်ပေါ်က ဆင်းခိုင်းတယ်၊ သူတို့ပိုင်မြေမဟုတ်ပဲ မတရားအနိုင်ကျင့်တာ။ကျွန်တော်တို့ အဲမြေကွက်ကို ပိုက်ဆံပေးပြီး ဝယ်ထားတာ။ ပိုက်ဆံရှိတယ်ဆိုပြီး သက်သက်မဲ့ အနိုင်ကျင်ခံရတာ၊ အခု နေစရာမရှိလို့ ဆွေမျိုးတွေမှာ ကပ်နေရတယ်” ဟု ပြောသည်။

ထိုမြေကွက်၌ ဖြိုချဖျက်ဆီးခံခဲ့ရသည့် အိမ်ပိုင်ရှင်များမှာ နှစ်ပေါင်း ၂၅ နှစ်ကြာမြင့်အောင် နေထိုင်လာခဲ့ပြီး အဆိုပါ မြေကွက်မှာ ရပ်ကွက်ပိုင်မြေကွက်ဖြစ်သည်ဟု ရပ်ကွက်နေ ဒေသခံတစ်ဦး ABNသို့ပြောသည်။

“အဲမြေကွက်က သူတို့ပိုင်တာမဟုတ်ပါဘူး။ သူတို့မှာ ဘာအထောက်အထားမှာမပါပဲ သက်သက်လာဖြိုချတာ။ ရဲနှင့် စစ်သား ၃၀ ကျော်ပါတယ်။ရပ်ကွက်ထဲဝင်လာချိန်မှာ သေနတ်ကျည်ထိုးပြီးဝင်လာတယ်။ အတင်းဖြိုချတယ်။ ရပ်ကွက်နေရပ်ကွက်သားတွေ တားမရဘူး” ဟု ရပ်ကွက်နေ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ABNသို့ပြောသည်။

ယင်းအပြင် ဦးရွှေလှဖြူမိသားစုအား နေအိမ်ကို ဖြိုချဖျက်ဆီးခွင့်မပြုဟု ငြင်းဆိုခဲ့ခြင်းကြောင့် ရဲနှင့်စစ်သားများက ဖမ်းဆီးခေါ်သွားခဲ့ပြီး ညနေ ၃ နာရီခန့်လောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အာမခံချက်ဖြင့် ပြန်လွတ်လာခဲ့သည်ဟု ဦးရွှေလှဖြူက ပြောသည်။

“ကျွန်တော့တို့ မိသားစု သုံးယောက်စလုံးကို ဖမ်းသွားတယ်။ အိမ်ကို သက်သေအထောက်အထားမပါပဲ ကျွန်တော်က ဖြိုချခွင့်မလုပ်ဖို့ ပြောဆိုခဲ့တဲ့အတွက်ဖမ်းသွားတာ။ ဒါပေမယ့် ညနေ ၃ နာရီလောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အာမခံချက်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု ပြောသည်။

အဆိုပါ နေအိမ်ဖြိုချဖျက်ဆီး သိမ်းယူမှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ မြေပုံမြိုနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြသန်းအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိခဲ့ပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ