ရခိုင်ပြည်၊ မြေပုံမြို့တွင် စစ်ကောင်စီတပ်မှ ဦးဆောင်၍ မြေပုံမြို့ရှိ ဌာနဆိုင်ရာသီးသီးအားခေါ်ကာ အရေးပေါ်အစည်းအဝေးတစ်ခု ယနေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၁၀ နာရီတွင်ခန့်တွင် သဲတန်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လုပ်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးအား မြေပုံမြို့ စီမံဗိုလ်မှူး ရဲကျော်သူမှ ဦးစီးကာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ လဝက၊ မီးသတ်၊ ပြန်ကြားရေး ဌာနများနှင့် ပြည်သူ ၂၀ ဦးခန့် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ရဲကျော်သူက ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား စားနပ်ရိက္ခာ ဖူလုံစေရန် တစ်ပတ်လျင် တစ်ကြိမ်သာ စျေးဝယ် ထွက်ခွင့်ရှိမည်ဖြစ်ကြောင်း၊ အရေးကြီးကိစ္စမှအပ သွားလာခြင်းများကို အတတ်နိုင်ဆုံး မပြုလုပ်ရန် ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် ၎င်းက ရက္ခိုင့်တပ်တော် AAနှင့် ပတ်သက်၍လည်း ထပ်လောင်းပြောကြားခဲ့သည်။
“ခင်ဗျားတို့ ဘာမှမလုပ်ရင် ကျွန်တော်တို့လည်း ဘာတစ်ခုမှ လုပ်မှာမဟုတ်ဘူး၊ ကျွန်တော်တို့လည်း အေးဆေးပဲနေချင်တယ်” ဟု ထိုအစည်းအဝေးတွင် ရဲကျော်သူမှ ပြောဆိုခဲ့သည်။
ယနေ့ နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီတပ်သား ၅၀ ကျော်ခန့်မှာ မြေပုံမြို့နယ် ခေါင်းဖြူရွာ ဘုန်းတော်ကြီးကျောင်းအရှေ့ လမ်းမတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြေပုံတွင် ယခုလအတွင်း အရပ်သားပြည်သူများအား ဖမ်းဆီးစစ်ဆေးမှု ကျေးရွာ များအား ဝင်ရောက်စစ်ဆေး ခြိမ်းခြောက်မှုများကို စစ်ကောင်စီတပ်များမှ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်။