Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြိုအမျိုးသားနေ့မှာ ကဆုန်လဆန်း ၇ ရက်နေ့ ဖြစ်ကြောင်း မြိုတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဌပြော

မြိုအမျိုးသားနေ့မှာ ကဆုန်လဆန်း ၇ ရက်နေ့ ဖြစ်ကြောင်း မြိုတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဌပြော

Arakan Bay News

ယနေ့ ကျောက်တော်မြို့နယ် ဂါပုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် မြိုအမျိုးသားနေ့မှာ ခမီစကားပြော မြိုအမည်ခံများက ပြုလုပ်သည့်ပွဲဖြစ်ပြီး မြိုအမျိုးသားနေ့ အစစ်အမှန်မဟုတ်ကြောင်း မြိုတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဌ ဦးဇနီဖြူက Arakan Bay News သို့ ပြောသည်။

“သူတို့က မြိုမဟုတ်ပါ၊ ခမီစကားပြောပြီးတော့ မြိုခံတဲ့အဖွဲ့ပါ၊ ကျောက်တော်မြို့နယ်မှာ အများစုက ခမီစကားပြောပြီးတော့ မြိုခံကြပါတယ်။ မြိုမှာ မြိုစကား သပ်သပ်ရှိပါတယ်၊ မြိုအမျိုးသားနေ့ကို ကဆုန်လဆန်း ၇ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်” ဟု မြိုတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဌ ဦးဇနီဖြူက ပြောသည်။

မြိုအမျိုးသားနေ့ကို နှစ်စဥ် နှစ်တိုင်း ကဆုန်လဆန်း ၇ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး ယခုနှစ်ဆိုလျင် ၇ ကြိမ်မြောက်ဖြစ်မည်ဖြစ်ကြောင်းနှင့် ယနေ့ ကျောက်တော်မြို့နယ်တွင် ကျင်းပနေသည့် ၆ ကြိမ်မြောက် မြိုအမျိုးသားနေ့မှာ မစစ်မှန်ကြောင်း ၎င်းကဆက်ပြောသည်။

“မြိုအမျိုးသားနေ့က ကဆုန်လဆန်း ၇ ရက်နေ့ပါ။ ဒီနှစ်ဆိုရင် ၇ ကြိမ်မြောက်ပါ။ သူတို့မှာက အမျိုးမျိုးလုပ်နေတာပါ။ ၁၅ ကြိမ်လည်းလုပ်တယ်။ ၃၄၅ ကြိမ်မြောက်လည်းလုပ်တယ်၊ အခု ၆ကြိမ်မြောက်ဆိုပြီးလုပ်ပြန်တယ်၊ သူတို့မှာ လုပ်ချင်သလို လုပ်နေကြတာပါ” ဟု ပြောသည်။

မြိုနှင့်သက်ဆိုင်သည့် အထိမ်းအမှတ်ပွဲများကို မြိုတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့က ဦးစီးကျင်းပပြီး ခမီနှင့် သက်ဆိုင်သည့် အထိမ်းအမှတ်ပွဲများကိုလည်း ခမီတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့က ဦးစီးပြီး ကျင်းပလေ့ရှိကြောင်း ခမီတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ဥက္ကဌ ဦးလေကျော်အောင်က ABN ကိုပြောသည်။

“ရခိုင်ပြည်နယ်အစိုးရက ရခိုင်ပြည်နယ်အတွင်းမှာ မြို ၂ မြို မရှိစေရလို့ သတ်မှတ်ပေးလိုက်တယ်။ မြိုမှာ မြိုတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့က ဥက္ကဌဦးဇနီဖြူ ဦးဆောင်ပြီးတော့ မြိုအမျိုးသားနေ့ မြိုနှစ်သစ်ကူးနေ့စတဲ့နေ့တွေကို ကျင်းပလေ့ရှိပြီးတော့ အစိုးရကလည်းပံ့ပိုးကူညီပေးတာတွေရှိတယ်၊ အဲလိုပဲ ခမီတိုင်းရင်းသားတွေမှာလည်း ခမီးနှစ်သစ်ကူး ခမီကောက်ဦးချပွဲတွေကို ခမီတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့က ဦးစီးပြီး ကျင်းပလေ့ရှိပါတယ် ဒါဟာတရားဝင်အသိအမှတ်ပြုပြီး ကျင်းပတဲ့ ပွဲတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့ ကျောက်တော်မြို့နယ်တွင် ကျင်းပခဲ့သည့် မြိုအမျိုးသားနေ့မှာ နိုင်ငံရေး ပယောဂကြောင့် ကျင်းပသည့်ပွဲဖြစ်ပြီး ကျောက်တော်မြို့နယ်တွင် ရှိသည့် မြိုအမည်ခံသူများမှာ ခမီစကားပြောကြသူများ ဖြစ်သည်ဟု ဦးလေကျော်အောင်က ဆက်ပြောသည်။

ထို့အပြင် ထိုမြို (ခ) ခမီတိုင်းရင်းသားများကို သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စိစစ်ပြီး အရေးယူဆောင်ရွက်ပေးစေလိုကြောင်း မြိုတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဌ ဦးဇနီဖြူကပြောသည်။

“ရခိုင်ပြည်မှာ ချင်တိုင်း လုပ်နေတဲ့သူတွေကို နိုင်ငံတော်အစိုးရအပါအဝင် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၊ တတ်သိပညာရှင်တွေက အလိုအပ်ဘဲ လူမျိုးတစ်မျိုးကို ဝါးမြိုဖို့ အားထုတ်နေတဲ့သူတွေကို တားမြစ်ပေးစေလိုပါတယ်” ဟုပြောသည်။

ကျောက်တော်မြို့နယ်တွင် မြိုအမည်ခံ ခမီပြော လူဦးရေ ၂ သောင်းဝန်းကျင်ခန့်ရှိကြောင်း မြိုတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်း ဥက္ကဌက ပြောသည်။

မြိုအမျိုးသားနေ့ကို ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တရားဝင်အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပြီး နှစ်စဥ ်ကဆုန်လဆန်း ၇ ရက်နေ့တွင် မြိုအမျိုးသားနေ့ကျင်းပရန်အတွက်လည်း အစိုးရမှ ကုန်ကျစရိတ်များကို ထုတ်ပေးလေ့ရှိကြောင်းနှင့် ၂၀၁၉ ခုနှစ်က Covid 19 ကန့်သတ်ချက်ကြောင့် ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း ဦးဇနီဖြူကပြောသည်။

မြိုတိုင်းရင်းသားအများစုမှာ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်ရှိ ပီချောင်းဖျားနှင့် ယောချောင်းဖျားတို့တွင် ၈ ရွာခန့်ရှိပြီး ရခိုင်ပြည်တွင် မြိုတိုင်းရင်းသားလူမျိုး ၃ သောင်းခန့်ရှိကြောင်း ပြောသည်။

ဓာတ်ပုံ-ကျောက်တော်မြို့နယ် ဂါပုရွာတွင် ယနေ့ကျင်းပသည့် မြိုအမျိုးသားနေ့မြင်ကွင်း/CJ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ