သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနှင့် ပတ်သက်သည့် ဘင်္ဂလားဒေ့ရှ်၏ သံတမန်ရေးရာ စွမ်းရည်ကို မဖြစ်မနေ မြှင့်တင်ရပါမည်

မြန်မာနှင့် ပတ်သက်သည့် ဘင်္ဂလားဒေ့ရှ်၏ သံတမန်ရေးရာ စွမ်းရည်ကို မဖြစ်မနေ မြှင့်တင်ရပါမည်

(ဘင်္ဂလားဒေ့ရှ်ကြည်းတပ် အငြိမ်းစားဗိုလ်မှူးချုပ် ၊လုံခြုံရေးလေ့လာသူ ၊ BIPSS ဥက္ကဌနှင့် အင်တာဗျူး)

ဗိုလ်မှူးချုပ် အန်အမ် မာနီရူဇာမန်သည် ဘင်္ဂလားဒေ့ရှ် ကြည်းတပ်မှ အငြိမ်းစား အရာရှိဟောင်း၊ လုံခြုံရေး လေ့လာသူ တစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လေ့လာမှု အင်စတီကျု (BIPSS)၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Prothom Alo သတင်းဌာန၏ အစီအစဉ်မှူး ရက်ဖ်ဆန် ဂါလစ်ဘ်နှင့် အင်တာဗျူးတွင် ဗိုလ်မှူးချုပ် မာနီရူဇာမန်က အိမ်နီးချင်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေများနှင့် အဆိုပါကိစ္စများက ဘင်္ဂလားဒေ့ရှ်အပေါ် သက်ရောက်နိုင်လာနိုင်သည့်အခြေအနေများ၊  ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဗဟိုပြုနေသည့် ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုအကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားထားသည်။

AB News – မတ်လ ၁၊ ၂၀၂၄

မေး။ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေက ဘယ်လိုလဲ။ ချင်းပြည်နယ် အခြေစိုက် တော်လှန်ရေး ခေါင်းဆောင်တစ်ယောက်ကတော့ စစ်တပ်ဟာ ဒီနှစ်ထဲမှာ ပြိုဆင်းသွားလိမ့်မယ်လို့ ပြောပါတယ်။ ခင်ဗျားရော ဘယ်လိုထင်မြင်လဲ။

ဖြေ။ ၂၀၂၁ တုန်းက စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ပေါက်လာတဲ့ သွေးချောင်းစီး ပြည်တွင်းစစ်ဟာ မနှစ်က အောက်တိုဘာလမှာ လားရာအသစ်တစ်ခုအဖြစ် မြင်လာရပါတယ်။ စစ်တပ်ကို တွန်းလှန် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစု (၃) ခုက ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဖွင့်ခဲ့တယ်။ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့က ‘၁၀၂၇ စစ်ဆင်‌ရေး’ဆိုတဲ့ နာမည်နဲ့ ထိုးစစ်ကြီး တစ်ခုကို မနှစ်က အောက်တိုဘာလမှာ စတင်ခဲ့ပါတယ်။ အောင်မြင်မှုတွေလည်း မကြုံစဖူး ရခဲ့တယ်။ အဲဒီ အခြေအနေဟာ စစ်တပ်အတွက်တော့ ကြီးမားလွန်းတဲ့ ခြိမ်းခြောက်မှုပါပဲ။

ညီနောင် မဟာမိတ်တွေဟာ ဒေသတချို့မှာ မြို့တွေကို ဆက်တိုက် သိမ်းယူခဲ့သလို စစ်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ထားတယ်။ ပိုင်နက်နယ်မြေတွေ အများကြီးကိုလည်း ထိန်းချုပ်နယ်မြေအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ အခုဆိုရင် နိုင်ငံဧရိယာရဲ့ ၄၈ ရာခိုင်နှုန်းလောက် စစ်တပ် ထိန်းချုပ်မှုအောက်က လွတ်သွားပြီလို့ ယုံကြည်ရပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်နားတစ်လျှောက်မှ ရက္ခိုင်နဲ့ ချင်းပြည်နယ်တွေထဲက မြို့တွေလည်း ဆက်တိုက် သိမ်းပိုက်ခံနေရတယ်။ ကြည့်ရသလောက်ဆိုရင် ရက္ခိုင်ရဲ့ မြို့တော် စစ်တွေတောင်မှ သိပ်မကြာခင် AAလက်ထဲ ရောက်မယ့် သဘောရှိတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကလည်း တိုင်းရင်းသားတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်နေတာတွေ့ရတယ်။ PDF ဆိုတာ ယေဘုယျအားဖြင့် ပြောရရင် မြန်မာနိုင်ငံရဲ့ အဓိက လူများစု တိုင်းရင်းသားဖြစ်တဲ့ ဗမာလူထုကို ကိုယ်စားပြုသလိုပဲ။ ဗမာတွေက အရင်တုန်းကဆိုရင် လက်နက်ကိုင် တော်လှန်မှု လမ်းစဉ်မှာ မပါဝင်ခဲ့သလောက်ပါဘဲ။ အခုလိုမျိုး စစ်တပ်ကို ပူးပေါင်း တော်လှန်နေကြတာဟာ အသွင်သစ်၊ အမြင်သစ်တော့ ဖြစ်နေတယ်။

ဒါပေမဲ့ အနောက်တိုင်း မီဒီယာတွေ တော်တော်များများက ဒီနှစ်အတွင်း မကြာခင်မချိန်မှာ စစ်တပ် ပြုတ်ကျတော့မယ်လို့ ရေးနေတာတွေ၊ တော်လှန်ရေး ခေါင်းဆောင်တွေကလည်း တစ်လေသံတည်း ပြောနေတာတွေက သိပ်တော့ လက်တွေ့ကျမယ် မထင်သေးဘူး။ အထူးသဖြင့် နိုင်ငံအလယ်ပိုင်း ပြည်မဒေသတွေမှာ စစ်တပ်ရဲ့ လွှမ်းမိုး ထိန်းချုပ်နိုင်စွမ်းအပေါ် ကြီးကြီးမားမား ဖိအားမပေးနိုင်သေးဘူး။ လောလောဆယ် စစ်တပ်အတွက် ခေါင်းစားနေရတာတွေက တိုင်းရင်းသားနယ်မြေတွေနဲ့ နယ်စပ်တွေမှာပါပဲ။ လောလောဆယ်မှာ စစ်တပ်က လုံးဝဥဿုံ ရှုံးနိမ့်သွားမယ်လို့တော့ ပြောလို့ မရလောက်သေးပါဘူး။

မေး: မြန်မာဖက်က အခြေအနေတွေရဲ့ ရိုက်ခတ်မှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နယ်စပ်ကိုတောင် သက်ရောက်မှု ရှိလာပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို ဘယ်လိုတုံ့ပြန် လုပ်ဆောင်မယ်လို့ ခင်ဗျားထင်သလဲ။

ဖြေ: မြန်မာဖက်က ချင်းနဲ့ ရက္ခိုင်နယ်စပ်နားမှာ ကပ်လျက်တည်ရှိနေတာကြောင့် အဲဒီနေရာတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ကျွန်တော်တို့ အခုတောင် သက်ရောက် ခံစားနေရပါပြီ။ နယ်စပ်ဖြတ်ကျော်ပြီး ကျရောက်တဲ့ မော်တာကျည်ဆန်တွေကြောင့် အသက်အိုးအိမ်တွေ ဆုံးရှုံးတာတွေ ကြုံခဲ့ရပြီးပြီ။ သေဆုံးသူတွေလည်း ရှိခဲ့တယ်လေ။ နောက်ပြီး မြန်မာစစ်တပ် လက်အောက်ခံ တပ်သားတွေက တော်လှန်ရေးအင်အားစုတွေ လိုက်လံ တိုက်ခိုက်လို့ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး ခိုလှုံလာတာတွေလည်း ရှိခဲ့တယ်။ ဒီကိစ္စ အားလုံးဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍကို ခြိမ်းခြောက်တာ၊ စိန်ခေါ်တာတွေ ဖြစ်စေပါတယ်။ လက်ရှိ အချိန်ထိတော့ ဘင်္ဂလားဒေ့ရှ်ဟာ အဲဒီကိစ္စတွေကို သတိကြီးကြီးနဲ့ ချဉ်းကပ်ရင်း လူသားချင်း စာနာမှုဆိုတဲ့ ရှုထောင့်ကနေ အဓိက ကိုင်တွယ်နေပါတယ်။ မြန်မာဖက်က ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားတွေကိုလည်း လက်ခံပြီး ဆေးဝါးကုသပေးခဲ့တယ်။ အဲဒီနောက်မှာတော့ သေချာ ပြန်လွှဲပြောင်းပေးခဲ့တယ်။ ဒါပေမဲ့ စိုးရိမ်ရမယ့် ပြဿနာက မြန်မာဖက်မှာ

ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ အရှိန်ပိုမြင့်လာနိုင်တယ်။ အဲဒီအတွက်လည်း ဘင်္ဂလားဒေ့ရှ်အပေါ် ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်။ ကျွန်တော်တို့ရဲ့ နယ်စပ် လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်။ တော်လှန်ရေး အဖွဲ့တွေက စစ်တပ်ကို လိုက်တိုက်ရင်း ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ နယ်ကျွံလာနိုင်တယ်။ ကျွန်တော်တို့ဟာ နယ်စပ် လုံခြုံရေးကို အားဖြည့်ထားပြီး သင့်တော်သလို ကြိုတင်စီမံ ပြင်ဆင်ထားရမယ်။

မေး။အများလက်ခံထားတဲ့ အမြင်တစ်ခု ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံ အကြောင်းကို သေသေချာချာ ထဲထဲဝင်ဝင် မသိတဲ့အတွက် မြန်မာနဲ့ ပတ်သက်လို့ မူဝါဒတွေ၊ မဟာဗျူဟာတွေ ချမှတ်ဖို့ အခက်အခဲတွေ ဖြစ်စေနိုင်တယ် ဆိုတာပါ။ ခင်ဗျားရော ဒါကို လက်ခံသလား။

ဖြေ။ အိန္ဒိယကို ထည့်မတွက်ရင် မြန်မာဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အိမ်နီးချင်း နိုင်ငံပါပဲ။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ အားကောင်းတဲ့ ဆက်ဆံရေးမျိုး မထူထောင်ဖူးပါဘူး၊ ဒါမှမဟုတ် အဲဒီလို ဖြစ်လာအောင် မကြိုးစားဖူးဘူးလို့ အားလုံးက လက်ခံထားကြပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည်မှုကို မြန်မာက အသိအမှတ် ပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူတို့နဲ့ နားလည်မှု ရှိလာအောင်ကျွန်တော်တို့ဘာမှ ခိုင်ခိုင်မာမာ မလုပ်ဖြစ်ခဲ့ဘူး။ ဒီတော့ မြန်မာက ကျွန်တော်တို့အတွက် မသိကိန်းဆန်တဲ့ အိမ်နီးချင်း ဖြစ်နေတာ မဆန်းဘူး။ ထိရောက်ပြီး လက်တွေ့ကျတဲ့ သံတမန်ရေး၊ လုံခြုံရေး၊ လူပုဂ္ဂိုလ်အချင်းချင်း ပေါင်းကူးဆက်ဆံရေးဆိုင်ရာ ဘာအားထုတ်မှုမှ ကျွန်တော်တို့ မလုပ်ခဲ့ဘူး။ မြန်မာနဲ့ ပတ်သက်လို့ မူဝါဒတွေ စီမံ ချမှတ်နိုင်ဖို့အတွက် ရှိသင့်ရှိထိုက်တဲ့ သိနားလည်မှုမျိုး ကျွန်တော်တို့မှာ မလုံ လောက်သေးဘူး။ သံတမန်ရေး ရှုထောင့်ကို ကြည့်မယ်ပဲထားဗျာ၊ ရိုဟင်ဂျာပြဿနာကြီး ဖြစ်လာပြီးမှသာ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနဲ့ ပတ်သက်လို့ ဌာနခွဲတစ်ခု သတ်သတ်မှတ်မှတ် ဖွဲ့စည်းခဲ့တာ မဟုတ်လား။ အဲဒီ မတိုင်ခင်တုန်းက မြန်မာနဲ့ပတ်သက်တဲ့သံတမန်ရေး လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့ သီးခြား စီစဉ်ထားတာ ဘာဆိုဘာမှ မရှိဘူး။ ဒါကြောင့်လည်း လိုအပ်တဲ့ သံတမန်ရေးဆိုင်ရာ အတိုင်းအတာ ပမာဏမျိုး ကျွန်တော်တို့ဘယ်တုန်းကမှမတည်ဆောက်နိုင်ခဲ့တာပါ။ အကျိုးဆက်ကတော့ မြန်မာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ရေးဆွဲခဲ့သမျှ မူဝါဒတွေကလည်း ယာယီအဆင့်၊ ဒါမှမဟုတ် မလုံလောက်တဲ့အဆင့်မျိုး အကြိမ်ကြိမ် ဖြစ်ခဲ့တယ်။ အဲဒီ ကာလတွေအတွင်း ရလဒ်တွေကိုလည်း မျိုးစုံ တွေ့ကြုံခဲ့တယ်။

မေး။ မြန်မာနိုင်ငံရဲ့ အခြေအနေ အကျိုးဆက်တွေကို အိန္ဒိယလည်း သက်ရောက် ခံစားခဲ့ရတယ်။ အမေရိကန်ရဲ့ အာရှ တောင်ပိုင်းနဲ့ အလယ်ပိုင်းဆိုင်ရာ အတွင်းဝန် ဒေါ်နယ်လ်လူက သိပ်မကြာခင်က ပြောထားတာ တစ်ခုရှိတယ်။ မြန်မာနိုင်ငံက အခြေအနေတွေက ပိုပြီး အရှိန်မြင့်လာနေပြီ ဖြစ်တာကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က သတိကြီးကြီးနဲ့ ပြင်ဆင်ထားသင့်တယ် ဆိုပြီးတော့လေ။ အဲဒီ သတိကြီးကြီးဆိုတာ ဘာကို ဆိုလိုတာ ဖြစ်နိုင်မှာလဲ။ နိုင်ငံနှစ်ခုကရော ဘာတွေ လုပ်ဆောင်နိုင်မလဲ။

ဖြေ။ မြန်မာက အိန္ဒိယ အရှေ့မြောက်ပိုင်း နယ်နိမိတ်နဲ့ ထိစပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ကြုံသလိုပဲ အိန္ဒိယမှာလည်း မြန်မာဖက်က ရိုက်ခတ်မှုတွေကို သက်ရောက် ခံစားနေရတယ်။ ဒါပေမဲ့ အိန္ဒိယက ပိုခံရလိမ့်မယ်။ အကြောင်းကတော့ သူတို့ရဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ ခွဲထွက်ရေး သူပုန်အဖွဲ့တွေ၊ လက်နက်ကိုင် အင်အားစုတွေ အမျိုးမျိုး ရှိနေတာကြောင့်ပါပဲ။ အဲဒီ အင်အားစုတွေဟာ မြန်မာဖက်က လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့သက်ရောက် လွှမ်းမိုးမှုကို ခံရတယ်။ ဒါကြောင့်ပဲ အတိတ်တုန်းက အိန္ဒိယနဲ့ မြန်မာစစ်တပ်တွေ ပူးပေါင်းပြီး အဲဒီ အဖွဲ့အစည်းတွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာပေါ့။ အိန္ဒိယဟာ ရခိုင်ပြည်နယ်ထဲမှာ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ရည်မှန်းချက်ကြီးကြီးနဲ့ အကောင်အထည် ဖော်နေတယ်။ အဲဒီ စီမံကိန်းအရ အိန္ဒိယနဲ့ မြန်မာကို ရေကြောင်း၊ ကုန်းကြောင်း နဲ့ ဆက်သွယ်ပေးနိုင်မှာ ဖြစ်တယ်။ အဲဒီ စီမံကိန်းအတွက် ဒေါ်လာ ဘီလီယံ တစ်ဝက်လောက်ကို အိန္ဒိယက မြှုပ်နှံခဲ့ပြီးပြီ။ ဒါပေမဲ့ ရခိုင်မှာ AAရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် စီမံကိန်းဆက်လက်အကောင်အထည် ဖော်မှုတွေက လုံးဝနီးပါး ရပ်ဆိုင်းနေတယ်။ နောက်ပိုင်းမှာ ဘာတိုးတက်မှုမှ မရှိတော့သလောက်ပဲ။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ အဲဒီဒေသမှာ အိန္ဒိယရဲ့ လုပ်ဆောင်ချက် မှန်သမျှကို ဆိုးကျိုး သက်ရောက်စေတယ်။ လာမယ့်ရက်ပိုင်းတွေမှာ အခြေအနေက ပိုရှုပ်ထွေးလာဦးမယ် ထင်တယ်။ ဒါကြောင့်လည်း ဒေါ်နယ်လ်လူက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သတိကြီးကြီး ထားသင့်တယ်လို့ အကြံပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ နယ်စပ်တလျှောက် အလိုအပ်ဆုံး နေရာတွေမှာ ကျွန်တော်တို့ရဲ့ အင်အားတွေကို စုစည်းထားရမယ်။ နယ်စပ်နားမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို အချိန်နဲ့ တပြေးညီ ကျွန်တော်တို့ စောင့်ကြည့်နေဖို့ လိုတယ်။

မေး။တော်တော်များများ နားလည် လက်ခံထားတာက မြန်မာနိုင်ငံဟာ ပြိုကွဲသွားနိုင်တယ် ဆိုတာမျိုးပါ။ ခင်ဗျားရော ဘယ်လိုထင်လဲ။

ဖြေ။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက စစ်တပ်ကို တွန်းလှန် တိုက်ခိုက်နေကြရမှာ အရမ်း တိကျပြီး အကန့်အသတ် ဖြစ်လွန်းတဲ့ ရည်မှန်းချက် အသီးသီးကို ဆွဲကိုင်ထားကြပါတယ်။ ဘယ်အဖွဲ့အစည်းကမှ ပြည်မမှာ နိုင်ငံရေး ဩဇာကို ဆုပ်ကိုင်ဖို့ ဆန္ဒရှိပုံ မပေါ်ဘူး။ နောက်ပြီး အဲဒီ တပ်ဖွဲ့ အသီးသီးဟာ သက်ဆိုင်ရာ ပြည်နယ်တွေကို ခွဲထွက်ပြီး လွတ်လပ်စွာ ရပ်တည်တဲ့ နိုင်ငံတွေ အဖြစ်လည်း လိုလားကြဟန် မရှိဘူး။ သူတို့ လိုချင်တာက ကိုယ့်ဒေသနဲ့ သယံဇာတတွေကို ထိန်းချုပ်ခွင့် ရဖို့ပဲ။ အနောက်နိုင်ငံတွေဖက်က စိတ်ဝင်စားဟန် ပြနေတဲ့တိုင်အောင် အခုထိလည်း သူတို့ရဲ့ အနာဂတ် လမ်းစဉ်တွေထဲမှာ ဒီမိုကရေစီ ထူထောင်ဖို့၊ ရွေးကောက်ပွဲလို ကိစ္စတွေ ကျင်းပဖို့ ဆိုတာတွေ မမြင်ရသေးပါဘူး။ အခြေခံ ကျကျ ပြောရအောင်။ ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ လိုချင်တာက ဗဟိုချုပ်ကိုင် ဖိအားပေးမှုတွေ သူတို့နယ်မြေမှာ မရှိဘူးဆိုတာ သေချာစေချင်တာ သက်သက်ပဲ။ ဒီတော့ အဲဒီ အတွေးအခေါ် သက်သက်နဲ့ ဆိုရင်တော့ မြန်မာနိုင်ငံ ပြိုကွဲသွားမယ်လို့ တွေးတာက လက်တွေ့ မကျဘူး။

မေး။ မြန်မာ့အရေးကို အကြောင်းပြုပြီး ဒေသတွင်းမှာ ပထဝီ နိုင်ငံရေးအရ ပျံ့နှံ့လွှမ်းခြုံတာမျိုးတွေ ရှိနိုင်သလား။ ဘယ်လို သရုပ်သကန်မျိုး ဖြစ်လာနိုင်သလဲ။

ဖြေ။ မြန်မာ့အရေးမှာ၊ ဒါမှမဟုတ် ပဋိပက္ခတွေမှာ ဒေသတွင်း အင်အားကြီး နိုင်ငံတချို့က တိုက်ရိုက် ပါဝင်ပတ်သက်ရင်း လွှမ်းမိုးသက်ရောက်နိုင်အောင် ဖန်တီးနေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မြင်သာအောင် ပြောရမယ် ဆိုရင်တော့ အိန္ဒိယနဲ့ တရုတ်တို့ပေါ့လေ။ တရုတ်ဟာ စစ်တပ်ကို တိုက်ရိုက် အားပေး ထောက်ခံနေတယ်။ တစ်ချိန်တည်းမှာပဲ တော်လှန်ရေး အင်အားစု တချို့နဲ့ ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားပြန်တယ်။ တရုတ်က နှစ်ဖက်ခွပြီး ဆက်ဆံနေတာပဲ။ အိန္ဒိယကျတော့ မူဝါဒပိုင်း ဖြန့်ကျက်လွှမ်းခြုံနိုင်စွမ်းမှာတော့ နည်းနည်း နောက်ကျကျန်နေသလိုပဲ။ အိန္ဒိယဟာ မြန်မာစစ်တပ်နဲ့ ကာလရှည်ကြာ ဆက်ဆံနေဆဲ ဖြစ်ပေမယ့် တော်လှန်ရေး အင်အားစုတွေနဲ့ကျတော့ ဘာအဆက်အသွယ်မှ မရှိဘူး။ ဒီအချက်နဲ့တင် တရုတ်က အသာစီး ရနေတယ်လို့ ပြောနိုင်တယ်။ ဒေသတွင်းက စူပါပါဝါတွေကို ကျော်လွန်ပြီး ကြည့်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ လွှမ်းမိုး သက်ရောက်မှုရှိဖို့ ကြိုးစားမှုကို အမေရိကန်က ဦးဆောင်နေတယ်လို့ ပြောလို့ရတယ်။ ရုရှားကလည်း တချို့သော အပိုင်းတွေမှာ အာရုံစိုက်ပြီး ဒီပြိုင်ပွဲမှာ ဝင်ကစားနေတယ်။ စီးပွားရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတို့ဟာ အမျိုးသား အကျိုးစီးပွားကို ပဓာနထားပြီး စစ်တပ်နဲ့ ဆက်ဆံနေဆဲပဲ။ နိုင်ငံတကာ အတိုင်းအတာမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ ပြိုင်ဆိုင်နေမှုကလည်း မြန်မာအပေါ် သက်ရောက်မှု ရှိနိုင်ပြန်တယ်။ အမေရိကန်က ဘားမားအက် (Burma Act) ဥပဒေကို ရေးဆွဲပြီး မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းတို့ကို အကူအညီတွေ ချဲ့ထွင် ပေးအပ်နိုင်အောင် စီစဉ်လာတယ်။ အဲဒီ သဘောတရားဟာ အနာဂတ်မှာ မြန်မာနိုင်ငံထဲမှာ ပိုပြီး အရှိန်အဟုန် တိုးမြင့်လာမယ့် အခြေအနေတွေ ရှိနေတယ်။ အမေရိကန်ကလည်း ဘားမားအက်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ပိုပြီး တက်ကြွလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကြည့်ရသလောက်တော့ အမေရိကန်နဲ့ တရုတ်ရဲ့ မဟာဗျူဟာ အားပြိုင်မှုတွေဟာ ဒေသတွင်းမှာ တိုက်ရိုက် သက်ရောက်လာနိုင်ပါတယ်။

မေး။ ဘားမားအက် ဥပဒေ၊ တရုတ်-အမေရိကန် မဟာဗျူဟာ အားပြိုင်မှုတွေက မြန်မာနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ အဓိက သက်ရောက်လာနိုင်တယ်လို့ ခင်ဗျား ထင်သလဲ။ ပြီးတော့ တရုတ်က တချို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေအပေါ် ဩဇာ လွှမ်းမိုးပြီး အမေရိကန်ကလည်း တချို့အဖွဲ့ အစည်းတွေအပေါ် ဩဇာညောင်းတယ်လေ။

ဖြေ။ ခြုံပြောရရင် တရုတ်နဲ့ အမေရိကန်တို့ရဲ့ အမျိုးသား အကျိုးစီးပွားတွေမှာ မြန်မာလည်း ပါဝင် ဆက်နွှယ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ကို အဲဒီနှစ်နိုင်ငံလုံးက မျက်ခြေမပြတ် စောင့်ကြည့်နေကြတယ်။ ရခိုင်ပြည်နယ်မှာ ရေနက်ဆိပ်ကမ်း တစ်ခုက တည်ဆောက်ပြီးနေပြီ ဖြစ်သလို တရုတ်က ၈၀ ရာခိုင်နှုန်း ရှယ်ယာ ပိုင်ဆိုင်ထားတယ်။ တရုတ်အတွက်တော့ အဲဒါက ရေနက်ဆိပ်ကမ်း တစ်ခုဆိုတာထက် အများကြီး ပိုအရေးကြီးပါတယ်။ အဲဒီကနေ စတင်တဲ့ ပိုက်လိုင်းကြီး နှစ်ခုဟာ တရုတ်ရဲ့ ကူမင်းဒေသထိ သွယ်တန်း ဖောက်လုပ်ထားပါတယ်။ ပိုက်လိုင်းတစ်ခုက လောင်စာဆီတွေ တင်ပို့တာဖြစ်ပြီး နောက်တစ်ခုက ဓာတ်ငွေ့တွေကို သယ်ဆောင်သွားတာပါ။ မလက္ကာ ရေလက်ကြားဟာ တရုတ်ရဲ့ စွမ်းအင် ဖူလုံရေး ကဏ္ဍမှာ အသက်သွေးကြော ရေလမ်းကြောင်း ဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် မလက္ကာ ရေလက်ကြားသာ ပိတ်သွားမယ်ဆိုရင် တရုတ်ကို တိုက်ရိုက် ခြိမ်းခြောက်လာနိုင်တယ်။ ဒါပေမဲ့ ရခိုင်ရဲ့ ရေနက်ဆိပ်ကမ်းကနေ သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ အကူအညီနဲ့ အဲဒီ အခက်အခဲကိုကျော်လွှား နိုင်ပါလိမ့်မယ်။ ဒါကြောင့်လည်း အဲဒီ ရေနက်ဆိပ်ကမ်းဟာ တရုတ်အတွက် အထိမခံနိုင်သလို သိပ်အရေး ကြီးနေတာ ဖြစ်ပါတယ်။ ဒုတိယကတော့ ဘင်္ဂလား ပင်လယ်အော် ကိစ္စပါ။ တစ်နည်းအားဖြင့် အိန္ဒိယသမုဒ္ဒရာပေါ့လေ။အမေရိကန်နဲ့ မဟာမိတ်တွေအတွက် သိပ်အရေးကြီးတယ်လို့ ကြေညာထားတဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာရေးရာနဲ့ ပတ်သက်နေပါတယ်။ အင်ဒို-ပစိဖိတ် ဒေသအတွက် ရခိုင်ဟာ ဝင်ပေါက်တစ်ခုပဲ။ ဒါကြောင့်လည်း တရုတ်က အဲဒီမှာ ရေနက်ဆိပ်ကမ်းဆောက်ဖို့ အသည်းအသန် ဖြစ်ခဲ့တာပေါ့။တတိယ အနေနဲ့ကတော့ ရခိုင်မှာ အထူးစီးပွားရေး ဇုန်တွေကို ချဲ့ထွင် အကောင်အထည် ဖော်နေပြီး အများစုကိုတော့ တရုတ်နဲ့ ရုရှားက ပိုင်ဆိုင်ထားပါတယ်။

စတုတ္ထမြောက် ပြောရမှာက တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (BRI) စီမံကိန်းနဲ့ ဆက်စပ်ပြီး စီးပွားရေး စင်္ကြံ ၆ ခု ဖော်ဆောင်ထားခြင်းပါ။ အဲဒီထဲက ၂ ခုဟာ မြစ်ရေလမ်းကြောင်းတွေ ဖြစ်ပါတယ်။ အဲဒီထဲက တစ်ခုဟာ တရုတ်-မြန်မာ စင်္ကြံလို့ လူသိများကြပါတယ်။ ဒီတော့ ရခိုင်ဟာ တရုတ်အတွက် ရှုထောင့်ပေါင်းစုံကနေ အရေးကြီးနေပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ကလည်း အဲဒီမှာ တရုတ်ရဲ့ ဩဇာ ကြီးထွားလာမှာကို လိုလားမှာ မဟုတ်ပါဘူး။ တန်ပြန်မှာပါပဲ။ အဲဒီနေရာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နီးကပ်ပါတယ်။ အဲဒီမှာ ဘာတွေပဲ ဖြစ်နေနေ ဘင်္ဂလားဒေ့ရှ်အပေါ် သက်ရောက်မှုက ရှိမှာပါပဲ။

မေး။ လောလောဆယ် ဘင်္ဂလားဒေ့ရှ် ရင်ဆိုင်နေရတဲ့ အကြီးဆုံး စိန်ခေါ်မှုကတော့ ဒီမှာ လာရောက် ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ပြန်ပို့ဖို့ပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာဖက်က တော်လှန်ရေး အင်အားစုတွေကိုပါ ဆက်သွယ် ချိတ်ဆက်သင့်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေတယ်။ တကယ်တမ်း ဘင်္ဂလားဒေ့ရှ်ရဲ့ မဟာဗျူဟာ အခင်းအကျင်းက ဘယ်လို ဖြစ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ပထမဆုံး လုပ်ရမှာက ကျွန်တော်တို့ရဲ့ လုံခြုံရေး အစီအမံတွေကို စုစည်းရပါမယ်။ အခြေအနေတွေကို အချိန်ပြည့် စောင့်ကြည့်နိုင်တဲ့ လုပ်နိုင်စွမ်းမျိုးဆီ ကျွန်တော်တို့ ဦးတည်နိုင်ရမယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသတွင်းက တခြားနိုင်ငံတွေနဲ့လည်း ပုံမှန် ဆက်သွယ်မှုတွေ ကျွန်တော်တို့ ထူထောင်ထားရမယ်။ အဲဒီထဲမှာ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံတို့လည်း ပါဝင်ရပါမယ်။ စူပါပါဝါ နိုင်ငံတိုင်းက ဒီမှာ ဩဇာချဲ့ထွင် ထူထောင်ချင်နေကြတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေ၊ လုပ်ဆောင်မှုတွေကို ကျွန်တော်တို့ ဆန်းစစ်ဖို့ လိုတယ်။

ကျွန်တော်တို့ ကျင့်သုံးနေတဲ့ လုပ်ရိုးလုပ်စဉ် သံတမန် နည်းလမ်းတွေနဲ့ကတော့ ဒီကိစ္စတွေကို ဆောင်ရွက်ဖို့ အလုပ်မဖြစ်နိုင်ပါဘူး။ ဆန်းသစ်တဲ့၊ တီထွင်ထားတဲ့ သံတမန်ရေး လုပ်ငန်းစဉ်တွေ ကျွန်တော်တို့ လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ရေရှည် ထိန်းထားပါတယ်။ ဒါပေမဲ့ နယ်စပ် ဧရိယာတွေမှာ နယ်မြေ ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အလွတ်သဘော ဆက်ဆံရေး ပုံစံတချို့ ကျွန်တော်တို့ စတင်ပြီး ထူထောင်သင့်နေပြီ။

ကျွန်တော်တို့ဖက်ကတော့ အစိုးရ အဆင့်မှာ အခုလိုမျိုး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် တစ်ခုကို အစပြု တည်ထောင်မယ် ဆိုတာမျိုး လောလောဆယ် မမြင်မိသေးဘူး။ ဒီကိစ္စအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန တစ်ခုတည်း တာဝန်ယူရုံနဲ့လည်း မလုံလောက်ဘူး။ ဝန်ကြီးဌာနပေါင်းစုံ ပါဝင်တဲ့ လုပ်ငန်းအဖွဲ့မျိုး ထူထောင်ဖို့ လိုတယ်။ နိုင်ငံရေး ဆုံးဖြတ်ချက်တွေနဲ့ ထောက်ခံတင်ပြမှုတွေကလည်း လိုအပ်ပါတယ်။ လက်ရှိ နည်းလမ်းတွေအတိုင်း ဆက်သွားနေမယ်ဆိုရင် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ အလားအလာတွေက လျော့ပါးသထက် လျော့ပါးလာမယ် ဆိုတာကို မြင်နေရပါပြီ။ မြန်မာ စစ်အာဏာပိုင်တွေ အတွက် ရိုဟင်ဂျာ ကိစ္စဟာ အရေးတယူ သဘောထားစရာ အခြေအနေမျိုး မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့သာ တခြားသော အင်အားစုတွေနဲ့ပါ အဲဒီကိစ္စအတွက် ကြိုတင် ချိတ်ဆက် ဆက်သွယ်ထားမယ်ဆိုရင် အနာဂတ်မှာ ကျွန်တော်တို့အတွက် အသာစီး အခြေအနေမျိုး ရနိုင်လာဖွယ် ရှိပါတယ်။

ကျွန်တော်တို့ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ရေရှည် ထိန်းထားပါတယ်။ ဒါပေမဲ့ နယ်စပ် ဧရိယာတွေမှာ နယ်မြေ ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အလွတ်သဘော ဆက်ဆံရေး ပုံစံတချို့ ကျွန်တော်တို့ စတင်ပြီး ထူထောင်သင့်နေပြီ။

ကျွန်တော်တို့ဖက်ကတော့ အစိုးရ အဆင့်မှာ အခုလိုမျိုး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် တစ်ခုကို အစပြု တည်ထောင်မယ် ဆိုတာမျိုး လောလောဆယ် မမြင်မိသေးဘူး။ ဒီကိစ္စအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန တစ်ခုတည်း တာဝန်ယူရုံနဲ့လည်း မလုံလောက်ဘူး။ ဝန်ကြီးဌာနပေါင်းစုံ ပါဝင်တဲ့ လုပ်ငန်းအဖွဲ့မျိုး ထူထောင်ဖို့ လိုတယ်။ နိုင်ငံရေး ဆုံးဖြတ်ချက်တွေနဲ့ ထောက်ခံတင်ပြမှုတွေကလည်း လိုအပ်ပါတယ်။ လက်ရှိ နည်းလမ်းတွေအတိုင်း ဆက်သွားနေမယ်ဆိုရင် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ အလားအလာတွေက လျော့ပါးသထက် လျော့ပါးလာမယ် ဆိုတာကို မြင်နေရပါပြီ။ မြန်မာ စစ်အာဏာပိုင်တွေ အတွက် ရိုဟင်ဂျာ ကိစ္စဟာ အရေးတယူ သဘောထားစရာ အခြေအနေမျိုး မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့သာ တခြားသော အင်အားစုတွေနဲ့ပါ အဲဒီကိစ္စအတွက် ကြိုတင် ချိတ်ဆက် ဆက်သွယ်ထားမယ်ဆိုရင် အနာဂတ်မှာ ကျွန်တော်တို့အတွက် အသာစီး အခြေအနေမျိုး ရနိုင်လာဖွယ် ရှိပါတယ်။

(Prothom Alo သတင်းဌာနမှ တင်ဆက်ခဲ့သည့် Diplomatic capacity regarding Myanmar must be strengthened အင်တာဗျူးအား မူရင်းအတိုင်း ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။)

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ