Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြတန်ဆောင်း၊ စေတီပြင်နှင့် သရက်အုပ်စစ်ရှောင်စခန်းများတွင် သောက်သုံးရေ အခက်ကြုံနေရ

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည် မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်း စစ်ဘေးရှောင်စခန်း၊ ရသေ့တောင်မြို့နယ်ရှိ စေတီပြင်စစ်ဘေးရှောင်စခန်း အပါအဝင် ကျောက်တော်မြို့နယ်ရှိ သရက်အုပ် စစ်ဘေးရှောင်စခန်းတို့တွင် သောက်သုံးရေရရှိရေးအတွက် အခက်အခဲ ဖြစ်နေကြရကြောင်း စခန်းတာဝန်ခံများက ABNကို ပြောသည်။

မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် အဝီစိရေတွင်း ရှိသော်လည်း မီးစက်ရေစုပ်တင်ရန်အတွက် စက်သုံးဆီ မရှိသောကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ လေးမျက်နှာကန်နှင့် သျှစ်သောင်းရေကန်များမှ သွားရောက် ခတ်ယူ အသုံးပြုနေရကြောင်း စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်သည်။

ယခင်က မြတန်ဆောင်း စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များ၏ အိမ်သာနှင့် ရေအတွက် ICRC မှ တာဝန်ယူထားခဲ့စဥ်က သောက်သုံးရေအတွက် အဆင်ပြေခဲ့သော်လည်း နောက်ပိုင်း DRC အဖွဲ့သို့ ICRC မှ လွှဲပြောင်းလိုက်ပြီးနောက်တွင် DRC အဖွဲ့မှ သောက်သုံးရေအတွက် စီစဥ်ပေးမှု မရှိကြောင်း ဆရာတော်က ဆက်ပြောသည်။

“စစ်ဘေးရှောင်တွေအတွက် ရေနှင့်အိမ်သာကို ICRC ကတာဝန်ယူပေးခဲ့တယ်။ ဒီနှစ်မှာတော့ ICRC ကနေ DRC ကိုလွှဲတယ်ဆိုပြီးလုပ်တယ်။ ICRC က တာဝန်ယူခဲ့တဲ့အချိန်ကတော့ အိမ်သာအတွက်ရော့ ရေအတွက်ပါ အဆင်ပြေခဲ့တယ်။ အခုက ရေလုံးဝ အဆင်မပြေဘူး။ DRC ကလုံးဝအဆင်ပြေအောင် လုပ်မပေးဘူး” ဟုမိန့်ကြားသည်။

မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု အရေအတွက် (၂၈၂) စုရှိပြီး၊ လူဦးရေမှာ ( ၁၁၅၇) ဦးခန့်ရှိသည်။

ထို့အတူ ကျောက်တော်မြို့နယ်ရှိ သရက်အုပ် စစ်ဘေးရှောင်စခန်းတွင်လည်း စခန်းအနီးရှိရေကန်မှာ ရေနောက်ကျိနေသဖြင့် သောက်သုံးစွဲရန် အဆင်မပြေတော့ကြောင်း စခန်းတာဝန်ခံက ပြောသည်။

“သောက်ရေကန်က ရေနည်းလာပြီး အရမ်းနောင်ပါတယ်၊ သုံးရေကတော့ ရေငန်ကို သုံးနေရပါတယ်၊ ချောင်းကခတ်ပြီးသုံးနေရတယ်၊ သောက်ရေကန်က ရေကို သုံးရေအဖြစ်သုံးလိုက်ရင်လည်း ရေအမြန် ခန်းခြောက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရေငန်ကိုပဲသုံးနေရပြီး ရေကတစ်နေ့ထက်တစ်နေ့ ခမ်းလာနေပါတယ်” ဟု ဆက်၍ပြောသည်။

အဆိုပါစခန်းတွင် အိမ်ထောင်စု အရေအတွက် (၁၀၅) စုရှိပြီး ၊ လူဦးရေမှာ ( ၅၆၀) ဦးရှိ၍ သောက်သုံးရန် ရေများ လိုအပ်နေသည်ဟု သိရသည်။

ယခုလို ရေရှားပါးလာမှုကြောင့် စစ်ဘေးရှောင်များအတွက် အခက်အခဲဖြစ်လာနိုင်သဖြင့် နွေရာသီရောက်လျှင် ပိုပြီး ရေလိုအပ်လာနိုင်သည်ဟု စေတီပြင်စစ်ဘေးရှောင် စခန်းတာဝန်ခံက ပြောသည်။

” နွေရာသီရောက်တော့မယ်ဆို ရေကပြတ်သွားမှာ၊အရင်နှစ်တွေက ICRC က ကျွန်တော်တို့ကို စက် တွေပေးပြီး အနီးနားက မူဆလင်ရွာကရေတွေကိုဖြည့်ပေးတယ်၊ ဒီနှစ်တော့ ဘာမှ အကြောင်းမပြန်သေးဘူးဟု” ဆိုသည်။

စေတီပြင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ( ၃၁၃) စုရှိပြီး၊ လူဦးရေမှာ ( ၁၃၃၁)ဦးရှိသည်။

ICRC က အရေးပေါ်ကာလ ၃ နှစ်သတ်မှတ်ပြီး စစ်ဘေးရှောင်များအရေးကို တိုက်ရိုက်ကူညီပြီးဖြစ်သည့်အတွက် ဆက်လက်ထောက်ပံ့ရန် လိုအပ်သည့် စစ်ဘေးရှောင်များ၏ အကူအညီများကို WFP မှတဆင့် ထောက်ပံ့ရန်အတွက် WFP သို့ လွှဲပြောင်းထားပြီး ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ