Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်သာ နှင့် လျှောက်လမ်းတစ်ချို့ပြုပြင်ရန်အရေးတကြီးလိုအပ်နေ

ABN-ဟိန်းထွန်း

သြဂုတ် ၁၈ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ရေလွှမ်းမိုးခြင်းခံခဲ့ရသည့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်သာများ နှင့်လျှောက်လမ်းများ အရေးတကြီးလိုအပ်နေကြောင်း ABN သတင်းထောက်များတွေ့ရှိခဲ့ရသည်။

စစ်ဘေးရှောင်စခန်းသည် မြောက်ဦးမြို့၊ လေးမျက်နှာပုထိုးတော်အနီး အရှေ့မြတန်ဆောင်းပုထိုးတော်၏တောင်ကုန်းဘေးနားတွင်တည်ရှိသည်။

အိမ်သာများအသုံးပြုလို့မရတော့သည့် အခြေအနေတွင်ရှိနေကာ အပေါသွားချင်လည်းလည်း စခန်းအနီးရှိ ချုံပုတ်၊ တောများတို့တွင် သွားနေရသည့်အတွက် အခက်အခဲများစွာနှင့်ကြုံနေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ABN သို့ပြောသည်။

“အိမ်သာအသုံးပြုလို့မရတော့ပါဘူး၊ အနီးအနားက ချုံပုတ်တွေ၊ တောတွေမှာ သွားနေရပါတယ်၊ လူမြင်ကွင်းတွေမှာဆိုတော့ မသင့်တော်ဘူး “ဟု ဆိုသည်။

စစ်ဘေးရှောင်များအသုံးပြုနေသည့် အိမ်သာမှာ အသုံးပြုလို့မရတော့သည့်အတွက် အိမ်သာများလိုအပ်နေပြီး အိမ်သာတစ်လုံးဆောက်လျှင်လည်း ကုန်ကျငွေများနိုင်သည့်အတွက် အခက်အခဲတွေ့နေရကြောင်း မြတန်ဆောင်းဆရာတော်က ABN သို့မိန့်သည်။

“အိမ်သာတွေကအသုံးပြုလို့မရတော့ပါဘူး၊ အိမ်သာတစ်လုံးဆောက်ရင် ငွေကြေးတွေအများကြီးကုန်ကျနိုင်ပါတယ်၊ စစ်ဘေးရှောင်တွေအနေနဲ့ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” ဟု ဆိုသည်။

လျောက်လမ်းများလည်း ကျိုးပျက်နေသည့်အတွက် ပြန်လည်ပြုပြင်ရန်လိုအပ်ကြောင်း ဆရာတော်ထံမှသိရသည်။

စခန်းတစ်ခုလုံးတွင် အိမ်သာအရေအတွက် ၂၀ ကျော်ရှိသော်လည်း အသုံးပြုလို့မရသည့် အိမ်သာ ၁၀ ခန့်ရှိသည်ကို တွေ့ရသည်။

ရေလွှမ်းမိုးဒဏ်ကြောင့် ပျက်စီးခဲ့သည့် အိမ် ၄၀၊ လုံးလုံး ပျက်စီးသွားသည့်အိမ် ၉ လုံး၊ အခန်းပျက်စီးသွားသည့်အိမ် ၁၁ လုံး ရှိကြောင်းတွေ့ရသည်။

ပြီးခဲ့သည့်သြဂုတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသည် ရေလွှမ်းမှုများခံခဲ့ရပြီးအဆောင်များစွာ နှင့် တံတားငယ်များအချို့ပျက်စီးသွားခဲ့သည်။

စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၂၇၈ စု၊ လူဦးရေ ကျား ၅၈၆ဦး မ ၅၈၉ ပေါင်း ၁၁၇၅ ဦးရှိသည်။

လက်ရှိအချိန်တွင်စစ်ဘေးရှောင်များသည် ပျက်စီးသွားခဲ့သည့် ၎င်းတို့၏နေအိမ်များကို ကိုယ်ထူကိုယ်ထဖြင့်လုပ်ကိုင်နေရသည်။

ရေလွှမ်းမိုးပြီး ရေကျချိန် တင်ကျန်ခဲ့သည့် ရွှံ့မြေစေးများတွင် ရေဝပ်နေသည့်အတွက် ခြင်သတ်ဆေးဖျန်းရန်လည်းလိုအပ်နေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ