Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော ကြိမ်ချောင်းစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် မအေးမြစန္ဒာ မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုဖွင့်ခံထားရ

နိုဝင်ဘာလ ၁ ရက်နေ့က မောင်တောကြိမ်ချောင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် မအေးမြစန္ဒာနှင့် ဆိုင်ကယ် ကယ်ရီသမား မောင်မောင်ကျော်တို့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ခံထားရသည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ကြိမ်ချောင်းနယ်ခြားစောင့် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် အသက် ၂၅နှစ်အရွယ် မအေးမြစန္ဒာနှင့် ဆိုင်ကယ် ကယ်ရီမောင်းနှင်းသူ အသက်၂၈နှစ်အရွယ် မောင်မောင်မောင်ကျော်တို့မှာ မောင်တောမှ မင်းပြားသို့ပြန်လာစဥ် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သူတို့ နှစ်ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁ )(၂) နှင့် အမှုဖွင့်ခံထားရသည်ဟု မိသားစုဝင်တစ်ဦးမှ သိရှိရပြီး ဒီဇင်ဘာ ၅ရက်နေ့က ရုံးထုတ်မည်ဟုသတင်းရ၍ မိဘများမှာ မောင်တောမြို့နယ်တရားရုံးသို့သွားရောက်ပြီး စောင့်ဆိုင်းနေခဲ့ကြသော်လည်း ရုံးထုတ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

” ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ရုံးထုတ်မယ်ဆိုလို့ မောင်တောမြို့နယ် တရားရုံးမှာ တစ်နေ့လုံးထိုင်စောင့် နေခဲ့ပါတယ် ဒါပေမဲ့ ရုံးမထုတ်ခဲ့ပါဘူး၊ ၆ ရက်နေ့မနက်ကလည်း သွားပြီးတွေ့ခွင့်တောင်းခဲ့ပါတယ်၊ ဒါပေမယ့် မရှိဘူးလို့ပြောပါတယ်” ဟုမိသားစုဝင်ဦးပညာသာမိမှပြောသည်။

မအေးမြစန္ဒာကို တွေ့ဆုံနိုင်ရန် မိသားစုဝင်များ ၂ ကြိမ်တိုင် သွားရောက်ခဲ့ကြသော်လည်း တွေ့ခွင့်မရသည့် အပြင်၊ နခခ (၇) တပ်မ ထဲတွင် သူတို့ကို ဖမ်းထားခြင်းမရှိဟုလည်း နခခ (၇) မှပြောလိုက်ကြောင်းသိရသည်။

မအေးမြစန္ဒာ မှာ ဆယ်တန်း ၂ နှစ်ကျတစ်ယောက်ဖြစ်ပြီး ယခုနှစ်တွင်လည်း ဆယ်တန်းဖြေရန် ကျောင်းတက်နေသူတစ်ဦးဖြစ်သည်။

၎င်းမှာ သီတင်းကျွတ်လပြည့်နေ့မတိုင်မီကတည်းက မောင်တောမြို့တွင်ရှိသော ဆွေမျိုးအိမ်သို့ အလည်သွားပြီး ပြန်အလာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီနှင့် AAတို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာပြီးနောက် စစ်ကောင်စီဖက်မှ ဒေသခံ ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး ထိုထဲမှ ၈၀ နီးပါးခန့်သာ ပြန်လည်လွတ်လာသေးကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိုဝင်ဘာလ ၂၈ နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲတွင်ပြောကြားခဲ့သည်။

မောင်တော ကြိမ်ချောင်းစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် မအေးမြစန္ဒာ မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုဖွင့်ခံထားရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ