Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်မှ ပြည်သူပိုင် ကျွဲ အကောင်ရေ ၇၀ ကို စစ်ကောင်စီတပ်က သိမ်းယူပြီး၊ ပိုင်ရှင်ကိုလည်း ဖမ်းချုပ်ပြီး တရားစွဲဆိုထား

မောင်တောမြို့နယ်မှ ပြည်သူပိုင် ကျွဲ အကောင်ရေ ၇၀ ကို စစ်ကောင်စီတပ်က သိမ်းယူပြီး၊ ပိုင်ရှင်ကိုလည်း ဖမ်းချုပ်ပြီး တရားစွဲဆိုထား

AB News-သြဂုတ် ၂၈ ရက်

မောင်တောမြို့နယ် ဥဒေါင်းကျေးရွာမှ ပြည်သူပိုင် ကျွဲ အကောင်ရေ ၇၀ ကို သြဂုတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ် မောရဝတီ နခခ (၄) တပ်ရင်းသို့ ဖမ်းဆီးသွားပြီး ကျွဲပိုင်ရှင်အားလည်း ဖမ်းဆီးချုပ်နှောင်ထားကာ တရားစွဲဆိုထားကြောင်း သိရသည်။

တရားမဝင်သယ်ယူပို့ဆောင်မှုဖြင့် ကျွဲများကို သိမ်းယူခဲ့ခြင်းဖြစ်ပြီး သိမ်းယူရန်လာသည့် တပ်မှာ မောင်တောမြို့ မြို့သူကြီး နခခ (၅) တပ်ရင်းတွင် အခြေချနေထိုင်သည့် စကခ (၁၅) မှာ တပ်ဖွဲ့ဝင် ၄၀ ဦးနှင့် ဌာနပေါင်းစုံမှ ၆၅ ဦးခန့်ပါဝင်ကြောင်း သိရသည်။

ကျွဲပိုင်ရှင်များမှာ မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းရွာမှ ဦးရွှေသိန်းမောင် ၎င်းပိုင်ကျွဲ အကောင်ရေ (၄၀) ကောင် ၊ ဖခင်ဖြစ်သူ ဦးကျော်ဇောအောင် ၎င်းပိုင်ကျွဲအကောင်ရေ (၇) ကောင် နှင့် ညီဖြစ်သူ ဦး သိန်းအောင်ကြီး ၎င်းပိုင်ကျွဲအကောင်ရေ ၂၃ ကောင်တို့ဖြစ်သည်။

ထိုကျွဲများကို ဦးရွှေသိန်းမောင် အသက် ၆၂ နှစ်မှ ထိမ်းကျောင်းနေခြင်းဖြစ်ပြီး ကျွဲများမှာလည်း မိဘအစဥ်အဆက် မွေးမြူလာသောကျွဲများဖြစ်ကြောင်း သားဖြစ်သူ ကိုမောင်မောင်စိန်က AB News သို့ပြောသည်။

ကျွဲပိုင်ရှင် ဦးရွှေသိန်းမောင်ကို ၂၆ ရက်နေ့က ဖမ်းယူသွားပြီး မောင်တောမြို့နယ် အလယ်သံကျော်ရှိ အချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) ဖြင့် တရားစွဲထားကြောင်း သိရသည်။

မောင်တောမြို့နယ်ဖက်တွင် တခြားသူများမှာလည်း ကျွဲအကောင်ရေများစွာ မွေးမြူထားကြသော်လည်း ဖမ်းဆီးခြင်းမရှိဘဲ သူတို့၏ မိသားစုပိုင် ကျွဲများကိုသာ ဖမ်းဆီးပြီး ပိုင်ရှင်ကိုလည်းဖမ်းဆီး တရားစွဲဆိုခြင်းမှာ မတရားကြောင်း သားဖြစ်သူ ကိုမောင်မောင်စိန်က ပြောသည်။

“ကိုယ့်နိုင်ငံမှာနေပြီး ကိုယ့်စီးပွားရေးကို လုပ်စားနေတာကို မတရားသိမ်းတယ်။ ပြီးတော့ တစ်ခြားသူတွေမှာလည်း မွေးမြူထားတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့ကျမဖမ်းဘဲ ကျနော်တို့ကိုပဲ ဖမ်းတာဟာ မတရားပါဘူး။ တခြားကျောက်ပန်းတူ စတဲ့ရွာတွေမှာလည်း ကျွဲတွေကို စီးပွားဖြစ် မွေးနေတာ အများကြီးရှိပါတယ်။ ဘာလို့ ကျနော်တို့ မိသားသုကိုပဲ ဖမ်းရတာလဲ ဒါက မတရားပါဘူး” ဟု ပြောသည်။

ဦးရွှေသိန်းမောင်သည် ဥဒေါင်းရွာ၏ လမ်းထိပ်၊ မောင်တော-အငူမော်လမ်းရှေ့ဖက် ရွာမှ မီတာ ၄၀၀ခန့်အကွာတွင် ကျောင်းများကို ကျောင်းနေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှပုဂ္ဂိုလ်များ ကား ၆ စီးဖြင့် လာရောက် ဖမ်းဆီးခဲ့ကြဖြစ်သည်ဟုသိရသည်။

ဦးရွှေသိန်းမောင်တို့ မိသားစုမှာ မောင်တောမြို့နယ် လိုင်ဂွင်ရွာ ဇာတိဖြစ်ပြီး ဥဒေါင်းသို့ ပြောင်းရွှေ့နေထိုင်သည်မှာ ၄ နှစ်ကြာနေပြီဖြစ်ကြောင်း သိရသည်။

မောင်တောမြို့မှာ ရခိုင်ပြည်၏ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်ဒေသမြို့ဖြစ်ပြီး ကျွဲ၊ နွားများကို စီးပွားဖြစ် မွေးမြူကြလေ့ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ