Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် အင်အား ၈၀ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် အင်အား ၈၀ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

AB News – မတ် ၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် အင်အား ၈၀ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် စစ်ရေးလှုပ်ရှားနေသော အင်အား ၈၀ပါ စစ်ကောင်စီစစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်‌တော်တို့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်၊ ညနေ ၄နာရီ ၂၀ ခန့်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်” ဖော်ပြထားသည်။

အဆိုပါ ၂နာရီကျော် ကြာမြင့်သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်း ၇လောင်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ကစဉ့်အလျားထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက် ၇ နာရီ ၁၄ မိနစ်မှ စတင်ပြီး တပ်မ ၂၂ လက်အောက်ခံ၊ ခမရ ၂၀၁ တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရက္ခိုင်ဒေသအတွင်း၌ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းများ၊ နယ်ခြားစောင့်တပ်စခန်းများ၊ လက်နက်ကြီးစခန်းများကို ရက္ခိုင့်တပ်တော်က တစ်ခုပြီးတစ်ခု လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်‌ဒေသစစ်မျက်နှာတွင် စစ်ရှုံးနေမှုကိုလက်မခံနိုင်ဘဲ အရှက်ရဒေါသအမျက်ထွက်လျက် လူမျိုးရေးအမှန်းတရားများဖြင့် ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လူမျိုးရေးပဋိပက္ခများဖန်တီးခြင်း၊ ဆေးရုံးဆေးခန်းများ၊ စာသင်ကျောင်းများကို ဗုံးကြဲခြင်း၊ မြို့ရွာရှိဈေးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းနှင့် လမ်းတံတားများကိုဖျက်စီးခြင်း အစရှိသည့် အောက်တန်းကျသော နည်းလမ်းပေါင်းစုံတို့ကို ယခင်ကထက် ပိုမို လုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၃ရက်၊ နံနက် ၇နာရီ ၃၂မိနစ်တွင် လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ နေ့လယ် ၁၂နာရီ ၁၅မိနစ်အချိန်တွင် အပြီးသတ် သိမ်ပိုက်နိုင်ခဲ့သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ