Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် နွားကျောင်းသား ၁ ဦး သတ်ဖြတ် အလောင်းဖျောက်ခံရ
သတ်ဖြတ်အလောင်းဖျောက်ခြင်းခံခဲ့ရသည့် အသက် ၁၃ နှစ်အရွယ်မောင်ပေါ်ဝေအား ယင်ခင်နွားကျောင်းနေသောမြင်ကွင်းတွေ့ရစဥ်

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် နွားကျောင်းသား ၁ ဦး သတ်ဖြတ် အလောင်းဖျောက်ခံလိုက်ရကြောင်း သတင်းရရှိသည်။

သေဆုံးအလောင်းဖျောက်ခံရသူမှာ မောင်တောမြို့နယ် တရိန်း ( မြို) ရွာမှ အဖ ဦးမေဆန်း၏သား အသက် ၁၃ နှစ်အရွယ် မောင်ပေါ်ဝေဖြစ်သည်။

မောင်ပေါ်ဝေသည် သူငယ်ချင်း ၃ ဦးနှင့်အတူပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က မင်းကြီးရွာဟောင်း ဘုန်းကြီးကျောင်းတောင်ရင်း လယ်ကွင်းအနီးသို့ နွားကျောင်းရန်သွားခဲ့ရာ ၎င်း၏ နွား ၂ ကောင်မှာ တောထဲသို့ဝင်သွားပြီး လိုက်ရှာစဥ် အမည်မသိ လူ ၁ စုက ၎င်းအား သတ်ဖြတ်အလောင်းဖျောက်ခဲ့ကြောင်း မိသားစုဝင်တစ်ဦးက AB News သို့ပြောသည်။

“သူက နွားကျောင်းဖို့ သူငယ်ချင်းတွေနဲ့သွားပါတယ်။ သူရဲ့နွား ၂ ကောင်က တောထဲသို့ဝင်သွားတယ်။ အဲဒီနွားကို လိုက်ရှာရာမှာ သတ်ဖြတ်ခံခဲ့ရတာပါ” ဟုဆိုသည်။

၎င်းနှင့်အတူနွားကျောင်းရန်သွားသည့် သူငယ်ချင်းများဖြစ်သူ မောင်စနီအောင်၊ မောင်ပါကောနှင့် မောင်ရောင်ပိုင်တို့မှာ ၎င်းတို့၏ နွားများနှင့်အတူ ယင်းနေ့ ညနေ ၄ နာရီခန့်တွင် အိမ်ပြန်လာခဲ့ကြကြောင်း သိရသည်။

မောင်ပေါ်ဝေသည် ညနေ ၆ နာရီထိုးသည့်တိုင် အိမ်ကိုရောက်မလာသည့်အတွက် ၎င်း၏မိဘများနှင့်အတူ ရွာသား ၆၀ ဦးခန့်ဖြင့် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၆ ရက်နေ့တွင် ရွာသား ၁၂၀ ဦးခန့်သည် ၎င်းနွားကျောင်းသွားခဲ့သည့် နေရာသို့ ဒုတိယအကြိမ် လိုက်လံရှာဖွေခဲ့ရာ သေဆုံးသူ၏အလောင်းကို မတွေ့ရှိရဘဲ နွားခိုး လူသတ်သမားဟု ယူဆရသောသူစီးသည့် ဆင်ကြယ် ဖိနပ် ( ၁) ရံကိုတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၂ ရီတွင် တရိန်းရွာမှ ပြည်သူ ၇၀ ခန့်ရှာဖွေခဲ့ရာ မောင်ပေါ်ဝေ၏အလောင်းကို တူလာတူကီ မူဆလင်ရွာဟောင်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏အလောင်းမှာ ဘယ်ဖက်မဲရိုးကျိုးသွားပြီး ဘယ်ဖက်မျက်လုံး ၁ လုံးထွက်သွားကာ ဓားဖြင့် လှီးသတ်ဖြတ်ခံထားရသည့် ဒဏ်ရာများပါရှိကြောင်း တရိန်ရွာသား ၁ ဦးက ပြောသည်။

နွားခိုးလူသတ်သမားများသည် ၇ ဦးခန့်ရှိနိုင်ကြောင်း အလောင်းအားရှာဖွေခဲ့သူများက ခန့်မှန်းထားကြသည်။

နွားခိုးလူသတ်သမားများသည် မောင်ပေါ်ဝေကိုသတ်ဖြတ်အလောင်းဖျောက်ပြီးနောက် မြဝတီရွာဟောင်းဖက်သို့ ထွက်ပြေးသွားသည့် ခြေရာများတွေ့ရှိခဲ့ရကြောင်း တရိန်းရွာသားများထံမှသိရသည်။

ထွက်ပြေးလွတ်မြောက်နေသည့်တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ