Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိပြီး ၁၅နှစ်အရွယ် အမျိုးသား ၁ဦး ခြေ ၁ဖက် လုံးဝပြတ်ထွက်သွား

AB News – ဖေဖော်ဝါရီလ ၁၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိပြီး ယနေ့ ဖေဖော်ဝါရီလ ၁၄ရက် နံနက်ပိုင်းအချိန်တွင် ၁၅နှစ်အရွယ် အမျိုးသား ၁ဦး ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားပြီး ဒဏ်ရာရရှိခဲ့သူမှာ မောင်တောမြို့နယ်၊ညောင်ချောင်း(မူဆလင်)ရွာမှ အဖ ဒီမာမောက်၏သား မာမတ်အာရစ် ၁၅နှစ် ဖြစ်သည်။

မောင်တောမြို့ မြို့သူကြီးရပ်ကွက်ရှိ နယ်ခြားစောင့်တပ်ခွဲ ၅ ၏ ခြံစည်းရိုးအနီးတွင် ငါးရှာနေစဥ် မိုင်းနင်းမိပြီး ခြေပြတ်သွားခြင်းဖြစ်ကြောင်း ညောင်ချောင်းရွာသား တစ်ဦးက ပြောသည်။

“ဒီနေ့ မနက် ၁၀ နာရီခန့်အချိန်မှာ ညောင်ချောင်း (မူဆလင်) ရွာက မာမတ်အာရစ်ဟာ ညောင်ချောင်းရွာမြောက်ဖက်မှာ ရှိတဲ့ မြိုသူကြီး၊ နခခ-၅ ခြံစည်းရိုးအနီး ငါးရှာနေစဥ် မိုင်းနင်းမိတာ။ ညာဘက်ခြေထောက် လုံးဝ ပြတ်ထွက်သွားတယ်” ဟု ဆိုသည်။

ယခုအချိန်တွင် ခြေ ၁ဖက်ပြတ်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် မာမတ်အာရစ် မှာ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဝက်မကျ (မူဆလင်)ရွာက အမျိုးသား ၁ဦးသည် စစ်ကောင်စီတပ်၏ လက်ကျန် မြေမြှုပ်မိုင်းနင်းမိကာ ခြေ ၂ဖက်လုံး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၉ရက်၊ နေ့လည် ၂နာရီခွဲအချိန်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၁ဦး ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားခဲ့သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ