Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ရန်အောင်မြင်စခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီ

မောင်တောတွင် ရန်အောင်မြင်စခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီ

(ကြိမ်ချောင်းစခန်းကို  အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ထား)

AB News – မတ်လ ၂၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် ရန်အောင်မြင်စခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ကြိမ်ချောင်းစခန်းကို  အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ထားကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ကြိမ်ချောင်း စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ ရန်သူ့အလောင်း၊ စစ်အသုံး အဆောင်၊ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့သည်” ဟု ဖော်ပြထားသည်။

မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်မှ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့်ရှိခဲ့ပြီး အဆိုပါကြိမ်ချောင်းစခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား ယခုရက်များမှစတင်ပြီး အရှိန်အဟုန်မြှင့် လျက်ရှိကြောင်း သိရသည်။

ထိုးစစ်အား အရှိန်မြှင့်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ မောင်တောမြို့၊ တမန်းသား စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ဖော်ပြထားသည်။

အဆိုပါ စခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများအား ချေမှုန်းနိုင်ခဲ့ပြီး အလောင်း ၂၀ ကျော်၊  လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ ခမရ (၅၅၂) တပ်ရင်းအား ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားရှိ ၎င်းတို့၏ တပ်စခန်းများအား တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသောကြောင့် အပြစ်မဲ့ ပြည်သူလူထုအပါအဝင် အရပ်ဘက်ပစ်မှတ်၊ စစ်ပွဲနှင့်မသက်ဆိုင်သော ပစ်မှတ်များကိုသာ ဦးတည်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် အာရက္ခပြည်သူလူထုများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ထိုက်သင့်သော တုံ့ပြန်တိုက်ခိုက်မှုများဖြင့် လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း အတိအလင့်ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ