
ABN- ရှိုင်းမိုး
ရခိုင်ပြည် မောင်တောမြို့ ၄မိုင်ရပ်ကွက်မှ ရွာများကို “ အလင်းတစ်စက်စာကြည့်တိုက်” မှ တစ်ပတ် ၂ရက်လှည့်လည်ပြီး စာအုပ်များငှားရမ်းပေးနေသည်။
“ကျွန်တော်တို့ကတော တပတ်ကို ၂ရက်ပဲအားပါတယ်၊ အားတဲ့နေ ၂ရက်ကိုသွားပြီး လုပ်ပေးတာပါ၊ စာဖတ်တာကတော့ မူဆလင်အများစုပါ၊ တခြားရခိုင်မျိုးနွယ်စု ၄စုလည်းပါတယ်” ဟု စာကြည့်တိုက်တာဝန်ခံ ကိုကျော်အေးမောင်ကပြောသည်။
စာဖတ်သူများမှာ မူဆလင်၊ ရခိုင်၊ သက်၊ မြို၊ ဟိန္ဒူ လူငယ် လူလတ်ပိုင်းများဖြစ်ကြသည်ကိုတွေ့ရသည်။
ဗဟုသုတစာအုပ်၊ ကဗျာစာအုပ်၊ ပန်းချီဆွဲစာအုပ်၊ ပုံပြင်စာအုပ်၊ မတူကွဲပြားနေသည့်လူမျိုးများကို တစ်ဦးကို တစ်ဦးအပြန်အလှန် လေးစားအောင်ဖတ်သင့်တဲ့စာအုပ်များပါဝင်ကြောင်း စာကြည့်တိုက်တာဝန်ခံက ပြောသည်။
နိုင်ငံရေး ပယောဂကြောင့် ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့သည့် အဓိကရုဏ်းကြောင့် ရခိုင် နှင့် မူဆလင်အသိုင်းအဝိုင်းကြား သံသယများ ဖြစ်ခဲ့ကြသော်လည်း လက်ရှိအချိန်တွင် နားလည်မှုပြန်လည်ရရှိနေပြီဟု ဆက်ပြောသည်။
“တချို့ မူဆလင်တွေဆိုရင် အရင်တုန်းကအယူအစွဲတွေရှိနေသေးတယ်၊ ၊ သူတို့ရဲ့ခံစားခဲ့ရတဲ့အဖြစ်ပျက်တွေဟာ သူတို့ရင်ထဲမှာရှိနေသေးတယ်လို့ မြင်မိပါတယ် ၊ ဒါပေမယ့် တချို့အရာတွေက အခုလုပ်လို့အခုရတာမျိုး မဟုတ်ပါဘူး၊ တဖြည်းဖြည်းလုပ်ယူဖို့လိုပါတယ်၊ ကျွန်တော်အတူကြိုးစားရင် ကျွန်တော်တို့ လိုချင်တာတွေကို ရလာနိုင်ပါတယ်၊ အခုလည်းသူတို့ဟာ ကျွန်တော်တို့ ထင်တာထက်ပိုပြီးအဆင်ပြေနေတာ တွေ့ရပါတယ်၊ ဒါဟာလုပ်လို့ရတဲ့ပုံစံမျိုးလို့ကျွန်တော်မြင်ပါတယ်” ဟုပြောသည်။
ထို အလင်းတစ်စက်စာကြည့်တိုက်ကို ၂၀၂၃ ဇန်နဝါရီလ ၁ရက်နေ့မှစ၍ စုစုပေါင်း ဝန်ထမ်း ၃၀ ကျော်ပါဝင်ပြီးတည်ထောင်ခဲ့သည်ဟုသိရသည်။ ထိုဝန်ထမ်းများထဲမှာ သက်၊ ရခိုင်၊ မူဆလင်လူမျိုးများအပါဝင်ပြီး၊ အမျိုးသမီးများအများပါဝင်သည်။
မောင်တော၊ ဘူးသီးတောင်ဖက်တို့တွင် မူဆလင်အသိုင်းအဝန်းနှင့် ရခိုင်လူမျိုးများအကြား အချင်းချင်းလုပ်ဖော်ကိုင်ဖက်ပုံစံပြုမှုနေထိုင်ကြသည်ဟု မောင်တောမြို့မှ ကိုသန်းလှိုင်ကပြောသည်။
“ စျေးထဲမှာဆိုရင်လည်းအချင်းချင်းကူညီကြတာကိုတွေ့ရပါတယ်၊ မူဆလင်ဆိုပြီးခွဲခြားတာလည်းမရှိပါဘူး၊ ရခိုင်လူမျိုးဆိုပြီးလည်း မပြောမဆိုတာတွေမရှိပါဘူး၊ တချို့စျေးသည်တွေ အချင်းချင်းဆိုရင် ထမင်းအတူစားတာတွေတောင်ရှိပါတယ်၊ စားသောက်ပုံစံချင်းမတူရင်တောင်၊ ကိုယ်ကြိုက်တာကိုယ်စားကြမယ်ဆိုတဲ့ပုံစံမျိုးကိုတွေရပါတယ်” ဟုပြောသည်။
ထိုစာကြည့်တိုက်အနေဖြင့် လိင်ပညာပေးကဏ္ဍများကိုလည်း ဟောပြောပွဲ လုပ်လေ့ရှိကြောင်း စာကြည့်တိုက်တာဝန်ခံက ပြောသည်။
သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ မြောက်ဦး၊ စစ်တွေ၊ မင်းပြား စသည့် ရခိုင်ပြည်ရှိ မြို့နယ်တိုင်းတွင် မူဆလင်များအပါအဝင် တခြားသော ချင်း၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ မာရမာ၊ ကမာ စသည့် မျိုးနွယ်စုများစွာ အတူယှဥ်တွဲ နေထိုင်လျက်ရှိကြသည်။







