Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်

(နခခ ၅ မှလက်နက်ကြီး ရာချီပြီးပစ်ကူပေးနေ)

AB News – ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောတွင် ရက္ခိုင်တပ်တော်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်အစောပိုင်းအချိန်မှ စတင်ပြီး တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး နခခ၅ မှ လက်နက်ကြီးနှင့်အတွဲလိုက်ဒုံးများရာချီပစ်ကူပေးနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း AB News မှ စုံစမ်းသိရှိရသည်​။

ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်အစောပိုင်းအချိန်မှ စတင်ကာ မောင်တောတွင် ရက္ခိုင်တပ်တော်နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ဗောဓိကုန်းစခန်းကို AA ကဝင်တိုက်ခဲ့၍   တိုက်ပွဲပြင်းထန်နေကြောင်း မောင်တောဒေသခံ ၁ဦးက ပြောသည်။

“မန့ညက နခခ(၅)ကလက်နက်ကြီးနဲ့ အတွဲလိုက်ဒုံးတွေ ဆက်တိုက်ပစ်ခဲ့နေတာ။ဒီနေ့မနက်အာရုံမှာဗောဓိကုန်းစခန်းကို အေအေ ကဝင်တိုက်နေတယ်လို့သိရတယ်။ တိုက်ပွဲကအတော်လေးပြင်းထန်နေတယ်။နခခ(၅)ကလက်နက်ကြီးအလုံးရာချီပစ်နေပေးတယ်။ အတွဲလိုက်ပစ်တာတွေလည်းကြားနေရတယ်။လက်နက်ကြီးလက်နက်ငယ်အသံတွေဆူညံစွာကြားနေရတယ်” ဟုဆိုသည်။

ထို့အပြင် ယနေ့ နံနက် ၁၀နာရီခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့ ၏ စစ်ရဟတ်ယာဥ် ၂စီးသည် ရွှေရင်အေးကျေးရွာ နှင့် မေယုဂေါက်ကွင်းအနီးတစ်ဝိုက်ကို ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်‌၊ ညနေပိုင်းတွင်လည်း မောင်တောမြို့ မြို့သူကြီးအခြေစိုက် နခခ ၅ တပ်ရင်းမှ လက်နက်ကြီးများ နှင့်အတွဲလိုက်ဒုံးများအား ရွှေရင်အေးကျေးရွာ နှင့် မေယုဂေါက်ကွင်းအနီးတစ်ဝိုက်သို့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည်က ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ မောင်တောမြို့နယ်၊ကျီးကန်းပြင်နယ်ခြားစောင့်ကွပ်ကွဲရေးဌာနချုပ်အနီးရှိ အောင်ဇေယျကျေး ရွာကြား၌ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းမှစပြီး ကြိမ်ချောင်းစခန်းများဖြစ်သည့် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၇နှင့် ၂၄ ဗျူဟာစခန်းတို့အား ရက္ခိုင်တပ်တော်မှထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

မောင်တောမြို့နယ် မြောက်ပိုင်းမှ ကြိမ်ချောင်းကျေးရွာအနီးရှိ နခခ ၇ စခန်းအား လက်နက်ချအညံ့မခံသောကြောင့်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲက ဖေဖော်ဝါရီ ၉ ရက် ၁၀၂၇ စစ်ဆင်ရေး ၁၀၆ ရက်မြောက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။

Website
www.arakanbaynews.com    
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ