Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ကုန်တင်ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းလာသူ ၂ဦး ပွဲချင်းပြီး သေဆုံး

ABN-ရှိုင်းမိုး

မောင်တောမြို့နယ်တောင်ပိုင်း၊ ကိုင်းကြီး(မြို)ရွာ နှင့် မောရဝတီရွာကြားတွင် ယနေ့ နေ့လည် ၃ နာရီကျော်အချိန်တွင် ကုန်တင်ကားကြီးတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိ၍ ဆိုင်ကယ်မောင်းလာသူ ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရ သည်။

သေဆုံးသွားသူ ၂ဦးမှာ ရသေ့တောင်မြို့နယ် စေတီပြင် အနောက်တောင်ရွာမှ အသက် ၅၂နှစ်အရွယ် ဦးအောင်လှထွန်းနှင့် သမက်ဖြစ်သူ အသက် ၂၆နှစ်အရွယ် ဦးမောင်ခင်သန်းဖြစ်သည်။

သူတို့သည် ဝါးတုတ် (မျှစ်) ချိုးရာမှအပြန်လမ်းတွင် ကုန်တင်ကားကြီးနှင့်တိုက်မိ၍ သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။

“သူတို့မိသားစုက ဆင်းရဲပါတယ်၊ တောင်ပေါ်ကိုသွားပြီးဝါးတုတ် (မျှစ်) ခူးပြီရောင်းစားနေကြရတာပါ၊ တနေ့လုပ်မှတနေ့စားရတဲ့ဘဝတွေပါ၊ သူတို့က နေ့တိုင်းသွားပြီးခူးနေကျပါ၊ အခုတော့သူတို့အလောင်းကို မောင်တောဆေးရုံကိုယူသွားတယ်သိရပါတယ်” စေတီပြင်ရွာမှ ကရုဏာကွန်ယက်အဖွဲ့မှ ကိုအောင်မင်းစိုးက ပြောသည်။

သူတို့ ၂ဦးကို ဝင်တိုက်မိခဲ့သော ကုန်တင်ကားကြီးသည် မရပ်တန်ခဲ့ဘဲ အငူမော်-မောင်တောကားလမ်းအတိုင်း အငူမော်ဆိပ်ကမ်းဖက်သို့ ဆက်မောင်း သွားကြောင်းသိရသည်။

သေဆုံးသူ ၂ဦး၏ရုပ်အလောင်းကို မောင်တောမြို့နယ်ကရုဏာကွန်ယက်အသင်းမှ လူနာတင်ယာဥ် (၁)စီးဖြင့် မောင်တော ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ကုန်တင်ကားကြီးကိုလည်း မြင်းလွတ်၊ နခခ (၉)တပ်ရင်း လက်အောက်ခံ၊ ရွာသစ်ကေ နခခ ကင်းစခန်းမှ ဖမ်းဆီး ထားကြောင်း သိရသည်။

သေဆုံးသွားသူ ဦးအောင်ထွန်းလှတွင် သားသမီး ၅ယောက်ရှိပြီး၊ ထိုသားသမီး ၅ယောက်ထဲမှ သမီးအကြီးဆုံး ၁ဦးသာ အိမ်ထောင်ရှိပြီး၊ သမီးဖြစ်သူမှာလည်း ၆နှစ်အရွယ်သား ၁ ဦးရှိပြီး၊ ကျန် ၄ဦးမှာ ၇နှစ် ၈နှစ်ခန့်အရွယ်များဖြစ်ကြသည်။

ဧပြီလ ၃ရက်နေ့ ည ၁၀နာရီကျော်အချိန်တွင်လည်း မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာအနီးတွင် ကားနှင့် ဘေးတွဲဆိုင်ကယ်တို့ တိုက်မိ၍ ဘေးတွဲဆိုင်ကယ်မောင်းသူသေဆုံးသွားခဲ့သည်။

ဓာတ်ပုံ-ကိုအောင်မင်းစိုး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ