Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောခရိုင်ဆေးရုံအတွင်း စစ်ကောင်စီက အထိုင်ခံတပ်စခန်းချထားပြီး ဆေးရုံအုပ်နှင့် သမားတော်တို့ကို ဖမ်းဝရမ်းထုတ်

မောင်တောခရိုင်ဆေးရုံအတွင်း စစ်ကောင်စီက အထိုင်ခံတပ်စခန်းချထားပြီး ဆေးရုံအုပ်နှင့် သမားတော်တို့ကို ဖမ်းဝရမ်းထုတ်

AB News – မတ်လ ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးအတွင်း စစ်ကောင်စီအဖွဲ့ အထိုင်ခံတပ်စခန်းချထားပြီး ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆေးရုံအုပ် ဒေါက်တာနုကေသီစံနှင့် သမားတော် ဒေါက်တာအောင်နိုင်လင်းတို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့သည် မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို ခံတပ်စခန်းပြုလုပ်ရန်အတွက် အပြီးပိုင် ထိန်းချုပ်ခဲ့သည်။

ထို့အပြင် ဆေးရုံအား အတင်းအကျပ်ပိတ်ခိုင်းခဲ့ပြီး ဆရာဝန်များနှင့် ဝန်ထမ်းများကို ဆေးရုံမှ အတင်းနှင်ထုတ်ခဲ့ကြောင်း သိရသည်။

မောင်တောခရိုင်ဆေးရုံအုပ် ဒေါက်တာနုကေသီစံနှင့် သမားတော် ဒေါက်တာအောင်နိုင်လင်းတို့ကို စစ်ကောင်စီအဖွဲ့  ဖမ်းဝရမ်းထုတ်ထားကြောင်း မြို့ခံ ၁ဦးက ပြောသည်။

“စစ်ကောင်စီအဖွဲ့က သူတို့ကို ဒီက သွားပြီး စစ်တွေဆေးရုံမှာ တာဝန်ထမ်း​စေခဲ့တယ်လို့ သိရတယ်။ ဆေးရုံအုပ်နဲ့ ဝန်ထမ်းတွေက စစ်တွေကို မသွားဘဲ လွတ်မြောက်ရာ နေရာမှာ ခိုလှုံခဲ့ကြတယ်။ အဲ့ဒါကြောင့် ဖမ်းဝရမ်းထုတ်ပုံ ရတယ်” ဟု ဆိုသည်။

ယခု လက်ရှိအချိန်တွင် မောင်တောခရိုင်ပြည်သူ့ဆေးရုံကို စစ်ကောင်စီအဖွဲ့က စခန်းချ တပ်စွဲလိုက်သည့်အတွက် ဒေသခံပြည်သူများမှာ ဆေးဝါးကုသမှုခံယူရန် အခက်အခဲဖြစ်နေသည်ဟု ဒေသခံ ၁ဦးက ဆိုသည်။

“ပြည်သူပိုင် ဆေးရုံကို စခန်းလုပ်ထားတော့ ဘယ်နေရာမှာ သွားပြီး ဆေးကုရမှာလဲ။ ဒါဟာ ပြည်သူတွေအပေါ်မှာ ဖက်ဆစ်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ ဆိုသည်။

မတ်လ ၂၄ရက် နံနက် ၄နာရီခန့်အချိန်တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံမှာ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အသက် ၄၀ အရွယ် ဆေးရုံဝန်ထမ်း ၁ဦးလည်း ဗုံးစထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ရက်နေ့က မင်းပြားမြို့နယ်၊ မင်းဖူးဆေးရုံကို လေကြောင်းမှ ဗုံးကြဲတိုက်ခဲ့ရာ ဆေးရုံအတွင်း ဆေးကုသမှု ခံယူနေသည့် စစ်သုံ့ပန်းများနှင့် ဆေးရုံဝန်ထမ်းအချို့ ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ရမ်းဗြဲမြို့မ ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။

ထို့အပြင် ပေါက်တောမြို့ပြည်သူ့ဆေးရုံမှာလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လုံးဝ ပျက်စီးခဲ့ရသည်။

လက်ရှိတွင် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများမှာ ယခင်နေ့ရက်များထက် ပြင်းထန်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့တွင် ရန်အောင်မြင်စခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီး ကြိမ်ချောင်းစခန်းကို  အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ထားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က မတ်လ ၂၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ