သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများအား ထိရောက်စွာ အရေးယူပေးရန် လိုအပ်နေ

AB News – မေ ၁၊ ၂၀၂၅

ရက္ခိုင်ပြည်ရှိ၊ မြို့နယ်အချို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများ၏ အရေအတွက် သိသိသာသာ တိုးပွားလာနေပြီး ယင်းပြဿနာကို သက်ဆိုင်ရာအာဏာပိုင်များက ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်နေသည်။

Arakan Bay News သတင်းထောက်များ၏ ပြီးခဲ့သည့် ဧပြီ ၁ ရက်မှ ၄ ရက်နေ့အထိ ကွင်းဆင်းလေ့လာမှုများအရ ပုဏ္ဏားကျွန်း၊ မြေပုံ၊ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ တိုးပွားလာသည်ကို တွေ့ရှိခဲ့ရသည်။

အထူးသဖြင့် ယခုအခြေအနေသည် လူငယ်ပိုင်းများကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှု အလွန်အမင်းပျံ့နှံ့နေပြီး မိသားစုများ၊ ရပ်ရွာလူမှုအဖွဲ့အစည်းများနှင့် ဒေသတစ်ခုလုံး၏ အနာဂတ်ကို ခြိမ်းခြောက်လာနိုင်ကြောင်း ဒေသခံများက Arakan Bay News သို့ ထောက်ပြပြောဆိုကြသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများကို လမ်း၊ တံတားဘေးတွင် တွေ့ရှိရခြင်း ၊ ရွာများတွင်အုပ်စုဖွဲ့ သုံးစွဲခြင်း၊ အိမ်များမှ ပစ္စည်းများကိုလုယက်ခြင်းများရှိလာနိုင်သည့်အတွက် တားဆီးပေးရန် ပုဏ္ဏားကျွန်းမြို့နယ်မှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။

“အရင်တုန်းကတော့ မူးယစ်ဆေးဆိုတာ ဝေးဝေးက ကြားဖူးတာလောက်ပဲ။ အခုတော့ ကျ​နော်တို့ ရွာထဲမှာတင် မူးယစ်ဆေးသမားက ဘယ်နှစ်ယောက်ရှိမှန်းတောင် မသိတော့ဘူး။ လမ်းထိပ်ထွက်လိုက်တာနဲ့ တွေ့နေရပြီ။ ကျနော့်ရဲ့သားသမီးတွေ အနာဂတ်အတွက် အရမ်းစိတ်ပူတယ်။ ဒီအတိုင်းဆို သူတို့တွေလည်း မူးယစ်ဆေးဝါးထဲ ပါသွားမှာပဲ၊၊ ဒါတွေကို တားဆီးပေးစေချင်ပါတယ်” ဟု ဆိုသည်။

ဒေသခံများ၏ အဆိုအရ မူးယစ်ဆေးဝါးပြဿနာသည် ဒေသတွင်း လူငယ်အနာဂတ်အတွက် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီး မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ကျောင်းနေအရွယ် လူငယ်များပင် ပညာရေးကို စွန့်လွှတ်ကာ မူးယစ်ဆေးဝါး လောကထဲသို့ ဝင်ရောက်သွားနိုင်ဖွယ်ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင် Arakan Bay News သတင်းထောက်အဖွဲ့သည် ပုဏ္ဏားကျွန်းဘက်သို့ သွားရောက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ဦးသည် ၎င်း၏နေအိမ်မှ တန်ဖိုးရှိပစ္စည်းများခိုးယူကာ မူးယစ်ဆေးဝါး သုံးစွဲမှုရှိခဲ့ကြောင်း မိခင်ဖြစ်သူက ပြောပြသည်။

ကျောက်တော်မြို့က ဒေသခံအမျိုးသမီးတစ်ဦးကလည်း မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ထောက်ပြပြောဆိုသည်။

“မူးယစ်ဆေးကြောင့် ရွာထဲမှာ ခိုးဆိုးလုယက်မှုတွေလည်း မကြာခဏ ဖြစ်လာမယ်။ အခုတော့ ညဘက်အိပ်ရတာတောင် မလုံခြုံတော့ဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေ ထိထိရောက်ရောက် လုပ်ပေးစေချင်တယ်။ အရေးယူမှုတွေ မလုပ်ရင် ဒီပြဿနာက ပိုပြီးတော့ ဆိုးလာနိုင်ခြေရှိတယ် ” ဟု သူမက ဆိုသည်။

လူငယ်များသည် မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲမိရာမှ စွဲလမ်းသွားနိုင်ပြီး အလွယ်တကူ ပျက်စီးတတ်ကာ တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်ကို ဆုံးရှုံးစေနိုင်သည်။

ထို့အပြင် မူးယစ်ဆေးဝါးကြောင့် ရာဇဝတ်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် လူမှုရေးပြဿနာများ တိုးပွားလာသောကြောင့် လူမှုအေးချမ်းသာယာရေးကို ထိန်းသိမ်းရန်အတွက် အရေးယူရန် လိုအပ်လျက်ရှိနေသည်။

လမ်းဘေးများတွင် မူးယစ်ဆေးဝါး သုံးစွဲထားသူများကို တွေ့ရခြင်း၊ မသင်္ကာဖွယ် လူအုပ်စုများ စုဝေးနေခြင်းများသည် ဒေသခံများအတွက် နေ့စဉ်မြင်တွေ့နေကျ မြင်ကွင်းများ ဖြစ်လာခဲ့ကာ ရပ်ရွာအေးချမ်းသာယာမှုကို ပျက်ပြားစေပြီး လူမှုရေးပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်ကြောင်း ဝေဖန်ပြောဆိုကြသည်ကို လည်းတွေ့ရှိခဲ့ရသည်။

မူးယစ်ဆေးဝါး သုံးစွဲသူများသည် စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု၊ စိတ်ပေါ့သွပ်ခြင်းနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို ခံစားရနိုင်ခြေ ရှိပြီး အမှန်အမှားကို ခွဲခြားနိုင်စွမ်း မဲ့လာခြင်း၊ ဆုံးဖြတ်ချက်များ မှားယွင်းစွာ ချမှတ်ခြင်းနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ခြင်းများ ကြုံတွေ့ရနိုင်ကြောင်း လေ့လာချက်များအရ သိရသည်။

“အခုပူအိုက်လို့ ညဘက် လမ်းလျှောက်သွားရင် ကြောက်နေရတယ်။ အခုတော့ မူးယစ်ဆေးသမားတွေက တစ်ယောက်တည်းသွားနေတဲ့ လူတွေကို ရန်ရှာတာမျိုးတွေလည်း ရှိလာတယ်။ မိန်းကလေးတွေဆို ပိုပြီးတော့တောင် ကြောက်ရတယ်” ဟု မင်းပြားမြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ULA/AA သည် ဒေသတွင်း မူးယစ်ဆေးဝါးပြဿနာကို တိုက်ဖျက်ရန် အားထုတ်လျက်ရှိပြီး သုံးစွဲသူများကို ဖမ်းဆီးခြင်း၊ ဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ ညဉ့် ၂ နာရီခန့်တွင် မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၁၄ ဦးကို ULA/AA ကဝင်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အထူးအလေးထား လုပ်ဆောင်ပေးရန်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ သုံးစွဲသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန်လိုအပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ