Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းသင့် ရခိုင်ပြည်တွင် စာသင်ကျောင်းများပြန်ဖွင့်သော်လည်း ကျောင်းအများစုမှာ ကျောင်းသားများတက်ရောက်ရန် အဆင်မပြေနိုင်သေး

ABN-နွယ်စိုး

ဇွန်- ၂ ရက်

မုန်တိုင်းသင့် ရခိုင်ပြည်အတွင်း မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ကျောင်းများကို နှစ်စဥ်နှစ်တိုင်း ပုံမှန်ကျောင်းဖွင့်ချိန်ဖြစ်သည့် ဇွန်လ ၁ ရက်နေ့က ပြန်ဖွင့်ခဲ့သော်လည်း ကျောင်းအများစုမှာ ပြုပြင်နေဆဲဖြစ်သည့်အတွက်ကြောင့် ကျောင်းသားများ တက်ရောက်ရန် အခက်အခဲရှိနေသည်ကို တွေ့ရသည်။

တစ်နိုင်ငံလုံးအနေဖြင့် စစ်ကောင်စီက အခြေခံကျောင်းများကို ဇွန်လ ၁ ရက်နေ့ ပြန်ဖွင့်လှစ်ရန် ညွှန်ကြားထားသော်လည်း ရခိုင်ပြည်ရှိ ကျောင်းအများစုသည် မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ကာ ပြုပြင်၍ မပြီးစီးနိုင်သေးသည့်အတွက်ကြောင့် ကျောင်းသားများအနေဖြင့် ကျောင်းတက်ရန် အဆင်မပြေနိုင်သေးနိုင်သေးဟု အမည်မဖော်လိုသည့် မြောက်ဦးမြို့နယ်မှ ဆရာမတစ်ဦးက ABNသို့ပြောသည်။

“ကျောင်းဖွင့်တာကတော့ တာဝန်အရ ဖွင့်ရတာပါ၊ကြောင်းပြန်တက်ဖို့ကျတော့ လတ်တလောမှာ အဆင်မပြေနိုင်သေးပါဘူး၊ ကျောင်းလည်း ပြုပြင်နေဆဲပါ၊တချို့ကျောင်းတွေဆို အကုန်လုံးလွင့်ပါသွားတာပါ အဲဒါ ဘယ်လိုကျောင်းပြပြီး ဘယ်လိုစာသင်ရမှာလဲ၊ အခုဆိုနေပူမလို မိုးရွာမလိုအခြေနေမှာရှိနေတယ်၊ ဒါကြောင့် ကလေးတွေအတွက်လည်း အဆင်မပြေနိုင်သေးဘူး” ဟု ပြောသည်။

ခေါင်းမိုးမရှိ၊ နံရံမရှိသည့် ကျောင်းတွင် ကျောင်းတက်ရလျှင် ကျောင်းသားများအတွက် ကျန်းမားရေး စိုးရိမ်ရကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောင်းသားမိဘ ၁ ဦးက ပြောသည်။

“ခေါင်းမိုးတွေ ဘေးနံရံတွေမရှိပဲ ဘယ်လိုကျောင်းတက်မှာလဲ၊ ဒီလိုရာသီမျိုးဆို ပိုဆိုးသေးတယ် မိုးရွာလိုက် နေပူလိုက်နဲ့ ကလေးတွေ ကျန်းမာရေးလည်း ထိခိုက်နိုင်သေးတယ်၊ ပြီးတော့ကျောင်းဖွင့်တာဟာ ဟန်ပြအရ ဖွင့်ထားတာပါ၊ တက်ရတာလည်းမဟုတ်ပါဘူး” ဟု ဆိုသည်။

မုန်တိုင်းဒဏ်သင့်ခဲ့သည့် မြို့နယ်များတွင် စာသင်ကျောင်းအများစုကို ပြန်လည် ပြုပြင်ဆောက်လုပ်ခြင်းမပြုရသေးသည်ကိုတွေ့ပြီး၊ ကျောင်းသားများမှာလည်း စာမသင်ရသေးဘဲ ကျောင်းကို ဟန်ပြသွားနေရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-မုန်တိုင်းတိုက်ခတ်ခဲ့စဥ်ပျက်စီးသွားသည့် စာသင်ကျောင်းများကို ကျောင်းသားနှင့် ဆရာ/မများသန့်ရှင့်ရေးလုပ်နေစဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ