Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းဒဏ်သင့် ရခိုင်တောင်သူများကို မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန် မျိုးစပါး တင်း ၇၀၀၀၀ ကျော်ကို စကစ ထောက်ပံ့ပေးခြင်းမဟုတ်ဘဲ စရိတ်မျှပေးစနစ်ဖြင့်သာ ရောင်းချသွားမည်ဟု သိရ

မုန်တိုင်းဒဏ်သင့် ရခိုင်တောင်သူများကို မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန် မျိုးစပါး တင်း ၇၀၀၀၀ ကျော်ကို စကစ ထောက်ပံ့ပေးခြင်းမဟုတ်ဘဲ စရိတ်မျှပေးစနစ်ဖြင့်သာ ရောင်းချသွားမည်ဟု သိရ

ABN-ရာဟု

ဇွန် ၂၆ရက်

မုန်တိုင်းသင့် ရခိုင်ပြည်ရှိ တောင်သူများ မိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးတင်းပေါင်း ၇၀၀၀၀ ကျော်ကို စကစ၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကတစ်ဆင့် ထောက်ပံ့ပို့ဆောင်ပေးသွားမည်ဟု ဆိုသော်လည်း မျိုးစပါးများကို စရိတ်မျှပေးစနစ်ဖြင့်သာ ရောင်ချပေးသွားမည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

နေပြည်တော်မှ ပေါ်ဆန်းမွှေးမျိုးစပါးများ၊ နှံကောက်နှင့် GW 11 (စပါးချေ) မျိုးစပါးများကို တောင်သူများထံ အချိန်မီရောက်ရှိစေရေးအတွက် တပ်မတော်မော်တော်ယာဥ်များဖြင့် စစ်တွေသို့ ပို့ဆောင်သွားမည်ဟု ဇွန် ၂၅ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

မိုးရာသီကျရာက်ပြီးဖြစ်သဖြင့် လယ်သမားများမှာ လယ်များကို တပိုင်တနိုင်စတင်ထွန်ယက် စိုက်ပျိုးနေကြပြီဖြစ်ရာ ယခုလ်ို မျိုးစပါးများ အမှန်တကယ်ထောက်ပံ့ကူညီမည်ဆိုပါက လယ်ယာမြေများကို တ်ိုးချဲ့လုပ်ကိုင်နိုင်မည်ဖြစ်သော်လည်း ဝယ်ရမည်ဆိုလျှင်ငွေကြေးမတတ်နိုင်သည့်အတွက် မဝယ်နိုင်ကြောင်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာက လယ်သမားတစ်ဦးက ပြောသည်။

“လယ်သမားအများစုက မျိုးစပါးမလောက်တာ​နဲ့ လယ်ယာမြေတွေကို အားလုံးမလုပ်နိုင်ဘူးဖြစ်နေတာ၊ စကစက အမှန်တကယ်မျိုးစပါးတွေ ထောက်ပံ့ပေးရင် ပုံမှန်အတိုင်းပြန်လုပ်နိုင်မှာပေါ့၊ အမှန်တကယ်ထောက်ပံ့ကူညီစေချင်တယ်၊ ခုဟာက ပြန်ဝယ်ရမှာဆို ဘာမှမထူးဘူး “ဟု စေတီပြင်ကျေးရွာက လယ်သမားတစ်ဦးဖြစ်သူ မောင်ဘုချေက ABNကို ပြောသည်။

လယ်သမားတွေမှာ မျိုးစပါးများဝယ်ရန် ငွေကြေးအခက်အခဲများစွာရှိနေသည့်အတွက် အစိုးရအနေဖြင့် လယ်သမားများကို မျိုးစပါးများ ရောင်းပေးခြင်းမျိုး မဟုတ်ဘဲ အခမဲ့ကူညီထောက်ပံ့ပေးသင့်ကြောင်း လယ်သမားများကိုမျိုးစပါးများ ကူညီပေးနေသူ ပရဟိတသမားတစ်ဦးက ABN သို့ပြောဆိုသည်။

ကျောက်တော်မြို့နယ်ရှိ လယ်သများမှာလည်းလယ်ယာမြေများကို ထွန်ယက်ကာ စိုက်ပျိုးနေကြပြီဖြစ်ရာ မျိုးစပါးကို ဝယ်ယူရမည်ဆိုပါက လယ်သမားများမှာ မျိုးစပါးအပြင် ဓာတ်မြေသြဇာကိုလည်း ဝယ်ယူရမှာဖြစ်သည့်အတွက် ငွေကြေးမတတ်နိုင်ဖြစ်ကာ လယ်ယာမြေအားလုံးကို မလုပ်နိုင်ဘဲဖြစ်နေကြရသည်ဟု သရက်တပင်ကျေးရွာက လယ်သမားတစ်ဦးက ပြောဆိုသည်။

“ဒီမှာအကုန် လယ်စလို့ထွန်နေကြပြီ၊ မျိုးစပါးနဲ့ မြေသြဇာတွေ ဝယ်ဖို့ငွေက တအားအခက်အခဲတွေဖြစ်လို့ လူတိုင်းလယ်ဧကတွေ လျှော့ပြီးထွန်နေကြတာ” ဟု သရက်တပင်ကျေးရွာက လယ်သမားတစ်ဦးဖြစ်သူ ကိုအောင်ကျော် က ABN ကိုပြောသည်။

ရခိုင်တွင် မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့သည့် ဖျက်အားပြင်မိုခါမုန်တ်ိုင်းဒဏ်ကြောင့်နေအိမ်များပျက်ဆီးသွားကာ လယ်သမားများလုပ်ကိုင်သည့် လယ်ယာမြေဧကပေါင်းများစွာဆားငန်ရေများဝင်ရောက်ပျက်စီးခြင်း၊ ကျွဲ၊ နွား ၊တိရိစ္ဆာန် စုစုပေါင်း ၂ရ၆၀၀ ခန့်သေဆုံးသွားခြင်းနှင့် မျိုးစပါးများ မိုးရေစိုစွတ် ပျက်စီးသွားသည့်အတွက် လယ်သမားများမှာ အခက်တွေ့နေကြရသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ