Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းဒဏ်ကြုံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒိုးတန်းနှင့် ဖက်ကျ ကျေးရွာတို့ ကူညီကယ်ဆယ်ရေး လုံးဝ မရသေး

ABN-မေအိအိအောင်

ဇွန် ၃ ရက်

မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ပျက်စီးမှုများရှိခဲ့သည့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဒိုးတန်းနှင့် ဖက်ကျကျေးရွာတို့တွင် ယနေ့အချိန်ထိ မည်သည့် ကယ်ဆယ်ရေးအထောက်အပံ့မှ မရသေးကြောင်း ကျေးရွာသားများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒိုးတန်းနှင့် ဖက်ကျ ရွာများမှာ မုန်တိုင်းတိုက်ခတ်စဥ်က ရွာလုံးကျွတ် ရေလွှမ်းမိုးခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားသည့် ရွာဖြစ်ကြောင်း သိရသည်။

ဒိုးတန်းတွင် ရွာသစ် ရွာဟောင်း ၂ ရွာရှိပြီး အိမ်ခြေစုစုပေါင်း ၂၀၀ ခန့်ရှိကာ ဖက်ကျရွာတွင် အိမ်ခြေ ၁၃၇ ဆောင်ရှိသည်။

ထိုရွာများတွင် မုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးခြင်း၊ ကျွဲ၊နွားများ သေဆုံးခြင်း၊ ငါး ပုဇွန် မွေးမြူရေးဆည်များ ကျိုးပေါက်ခြင်းနှင့် လယ်ကွင်းများ ဆားငန်ရေဝင်သွားသည့်အတွက် စားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ကူညီကယ်ဆယ်ရေးလိုအပ်နေကြောင်း ကျေးရွာလူကြီး ဦးစံသာရွှေက ABN သို့ပြောသည်။

“မုန်းတိုင်းကြောင့် ရွားဟောင်း နဲ့ ရွာသစ် နှစ်ရွာလုံးပျက်စီးသွားပါတယ်။ အိမ်ခေါင်မိုးတွေ ပါသွားတာတွေရှိသလို တစ်အိမ်လုံးပြိုကျပြီး နေစရာမရှိတဲ့ မိသားစုတွေလည်းရှိပါတယ်။ မုန်းတိုင်းကြောင့် ကျွဲ၊ နွား အကောင် ၁ဝ ကျော်တောင်သေသွားပါတယ်။ လယ်ကွင်းတွေထဲ ဆားငန်ရေတွေ ဝင်သွားတယ်။ ငါးဖမ်းတဲ့ တာတွေလည်း ကျိုးပေါက်သွားပါတယ်။ အဲ့လိုမျိုး တာကျိုးပေါက်သွားတာ ၊ ဆားငန်ရေဝင်သွားတာတွေဖြစ်တော့ လယ်သမားတွေအတွက် အခက်ခဲတွေများကြီးဖြစ်ပါတယ် ကယ်ဆယ်ရေး မရရင်အဆင်မပြေတော့တဲ့ အခြေအနေကို ရောက်သွားပါတယ်” ဟု သူကဆိုသည်။

ထိုနည်းတူ မုန်တိုင်းဒဏ်သင့် ဖက်ကျ ကျေးရွာတွင်လည်း အိမ်ခြေ ၁၃၇ ဆောင်ရှိသည့်အနက် မုန်တိုင်းကြောင့် အိမ် ၁၀ ဆောင်သာ ကျန်ရှိပြီး ကျန် ၁၀၀ ကျော်သော ပြိုကျပျက်စီးသွားသည့် ရွာသားများမှာ အိမ်ကြီးပြို၍ တဲငယ်များထိုးကာနေရကြောင်းနှင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများပါ ပျက်စီးသွားသည့်အတွက် လက်ရှိတွင် အမိုးအကာများကို အဓိက လိုအပ်နေကြောင်း ဖက်ကျ ကျေးရွာမှ ဒေသခံ တစ်ဦး ကပြောသည်။

“အိမ်ခြေ ၁၃၇ ဆောင်ရှိပါတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးသွားပါတယ်။ ကူညီကယ်ဆယ်ရေးအနေနဲ့ စစ်ကောင်စီအဖွဲ့ကတော့ တစ်အိမ်ကို ဆန် ၈ ဗူးနှင့် တစ်ရွာလုံးအတွက် တာပေါ်လင်စ တစ်လိပ်ပေးပါတယ်။ တစ်ရွာလုံးအတွက် တာပေါ်လင်စ တစ်လိပ်နဲ့ မလုံလောက်တဲ့အတွက် မဝေပေးသေးပါဘူး။ အခု အဓိက လိုအပ်တာကတော့ အမိုးအကာသွပ်တွေပါ ။ အိမ်တွေပျက်စီးသွားတဲ့ မိသားစုတွေကတော့ ဖြစ်သလို အဆောင်ဆောက်တဲထိုးနေကြရပါတယ်” ဟုပြောသည်။

မိုခါ မုန်တိုင်းလွန်သည့်နောက်ပိုင်းမှ ယခုလက်ရှိအချိန်ထိ ရခိုင်ပြည်ရှိ မုန်တိုင်းဒဏ်သင့် မြို့နယ်များတွင် ကူညီကယ်ဆယ်ရေးများ လုံးဝမရရှိခြင်း၊ ကယ်ဆယ်ရေးများရရှိသည့် ကျေးရွာများတွင်လည်း ကယ်ဆယ်ရေးများ မလုံလောက်ခြင်းများရှိနေကြောင်း သိရသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်း ကယ်ဆယ်ရေးများလာပေးမည့် နိုင်ငံတကာအဖွဲ့စည်းများအားလည်း စစ်ကောင်စီက တားမြစ်ထားသည့်အတွက် ၎င်းတို့အနေဖြင့် ကယ်ဆယ်ရေးများ လာပေးရန် စစ်ကောင်စီ၏ ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေရကြောင်း UN OCHA က ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ