Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းတိုက်ခတ်စဥ် ကျောက်ရံကျေးရွာတွင် အုတ်နံရံပြိုကျ၍ အဘိုးအိုတစ်ဦးသေဆုံးခဲ့

ABN- ကိုဟိန်းထွန်း

ဇွန် ၂ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မယူတောင်၏အရှေ့ဖက်ခြမ်းတွင်ရှိသော ကျောက်ရံကျေးရွာတွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းကြောင့် အုတ်နံရံပြိုကျ၍ အဘိုးအိုတစ်ဦးသေဆုံးခဲ့ကြောင်း ABN မှ ကွင်းဆင်းလေ့လာတွေ့ရှိခဲ့ရသည်။

သေဆုံးသွားသူမှာ အသက် ၈၂ နှစ်အရွယ် ဦးဘစောဖြစ်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်စားသောက်သူဖြစ်ကြောင်းသိရသည်။

မုန်တိုင်းဝင်ရောက်ခဲ့သည့်အချိန်တွင် ရွာထဲရှိ အိမ်များပွင့်ထွက်ကာ နီးစပ်ရာ မူလွန်ကျောင်းတွင် ခိုလှုံခဲ့ရာ အုတ်နံရံပြိုကျ၍ သေဆုံးခဲ့ကြောင်း သမီးဖြစ်သူ က ABN သို့ပြောသည်။

“မုန်တိုင်းအရမ်းပြင်းတယ်၊ ရွာထဲမှာရှိတဲ့အိမ်တွေရဲ့ခေါင်မိုးတွေပျက်စီးသွားတယ်၊ ရွာသားတွေအားလုံးနီးစပ်တဲ့မူလွန်ကျောင်းကိုပြေးဝင်ကြတယ်၊ ကျောင်းခေါင်မိုးတွေပွင့်ထွက်သွားတယ်၊ ထွက်ပြေးတဲ့အခါ အုတ်နံရံပိလို့သေဆုံးသွားတယ်” ဟုဆိုသည်။

ကျောက်ရံရွာတွင်အိမ်ထောင်စုအရေအတွက် ၁၄၄ စုရှိပြီး၊ လူဦးရေ ၅၀၀ ကျော်ရှိကြောင်းသိရသည်။

သေဆုံးခဲ့ချိန်တွင် အင်တာနက်လိုင်းများပြတ်တောက်ခဲ့သည့်အတွက် အဆက်အသွယ်များမရ၍ မိသားစုများပင် လာရောက်မှုမရှိခဲ့ကြောင်း၊ ဝေးလံသည့်ဒေသဖြစ်သဖြင့် အခက်အခဲများစွာတွေ့ခဲ့ရသည်ဟု ၎င်းမှဆက်၍ပြောသည်။

“အင်တာနက်တွေကလုံးဝပြတ်တောက်သွားတယ်၊ ဆက်သွယ်လို့ ဘယ်လိုမှမရဘူး၊ မိသားစုတွေတောင်မရောက်တာတွေရှိတယ်၊ မယူကမ်းဒေသကလည်းအရမ်းဝေးတော့ ဆက်သွယ်အကြောင်းမကြားနိုင်ခဲ့ဘူး” ဟု ပြောသည်။

၎င်းအပြင် ထိုနေ့က ထိခိုက်ဒဏ်ရာရသူ ၁၀ ကျော်ခန့်ရှိပြီး ထိုအထဲမှ ပြင်းထန်စွာဒဏ်ရာရရှိသူ ၃ ဦးရှိကြောင်းသိရသည်။

ရသေ့တောင်မြို့မှ မယူကမ်းဒေသရှိ ကျောက်ရံကျေးရွာသို့ ရေကြောင်းခရီးဖြင့်သွားရောက်နိုင်ပြီး ကြာချိန်မှာ ၂ နာရီခွဲနီးပါးကြာကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ