သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် မဟာမုနိဘုရားတွင် စိန်ပွင့်ငယ်တစ်ပွင့် ပျောက်ဆုံးနေပြီး၊ ပြိုကျသွားသည့် ကျောက်စိမ်းတုံးထားရှိသည့် အဆောင်ငယ်ကို မြောက်ဦးဆရာတော်မှဦးဆောင် ပြုပြင်သွားမည်ဟုသိရ

ABN-ဟိန်းထွန်း

ဇူလိုင် ၂၈ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ သမိုင်းဝင်တစ်ဆူဖြစ်သည့် မဟာမုနိဘုရားအတွင်း မုန်တိုင်းကြောင့် စိန်ပွင့်ငယ်တစ်ပွင့်ပျောက်ဆုံးနေလျက်ရှိပြီး၊ ပြိုလဲသွားသောကျောက်စိမ်းတုံးထားရှိသည့်အဆောင်ငယ်ကိုပြန်လည်ပြုပြင်ရန်အတွက် မြောက်ဦး ရတနာ့မာန်အောင်ဆရာတော်မှ ဦးစီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့်အားကောင်းသောမိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စေတီမှ ထီးတော်ကျိူးကျခဲ့၍ စိန်ပွင့်ငယ်လွင့်ထွက်သွားခဲ့ကြောင်း ကျောက်တော်တောင် ဂေါပကအဖွဲ့ဝင် ဦးမောင်ထွန်းခိုင် ABN သို့ပြောသည်။

“မုန်တိုင်းတိုက်တဲ့အခါ စေတီရဲ့ထီးတော် အနည်းငယ် ကျိုးကျသွားပါတယ်၊ စိန်ပွင့်ငယ်တစ်ပွင့်လွင့်ထွက်သွားပါတယ်၊ ရှာလို့မရသေးပါဘူး “ဟု ဆိုသည်။

ထီးတော်နှင့် ပြိုလဲပျက်စီးခဲ့သည့် ကျောက်စိမ်းတုံးထားသော အဆောင်ငယ်ကို ပြန်လည်ပြုပြင်ရန်အတွက် မြောက်ဦးဆရာတော်က ဦးဆောင်ပြီး တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျိုးကျသွားသည့် အပိုင်းအစ များနှင့် ကျောက်စိမ်းတုံးကြီးကို မှန်တိုက်ထဲတွင် ပြသထားပြီး လုံခြုံရေးများချထားကြောင်း ဂေါပကကဆက်၍ပြောသည်။

“ကျိုးသွားတဲ့ထီးတော်ရဲ့အပိုင်းအစတွေနဲ့ ကျောက်စိမ်းတုံးကြီးကို မှန်တိုက်မှာ ထည့်ပြီးပြသထားပါတယ်၊ လုံခြုံရေးအစောင့်တွေလည်း ချထားပါတယ်” ဟု ဆိုသည်။

မဟာမုနိဘုရားအတွင်းရှိ စေတီမှ ထီးတော်ကို အလိုတော်ပြည့်ဆရာတော်မှ လှူဒါန်းခဲ့ပြီး၊ ကျောက်စိမ်းတုံကြီးကိုကား ကချင်ပြည်နယ် ဖားကန့်နေ လောပန်းကိုယ်တော်မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လောပန်းကိုယ်တော်သည် ၎င်းကျောက်စိမ်းတုံးကြီးကို ရခိုင်သားများ မြင်ဖူးအောင်ရည်ရွယ်ချက်ဖြင့် လှူဒါန်းထားသည့်အရာဖြစ်ကြောင်းသိရသည်။

အဆိုပါကျောက်စိမ်းသည် ယခင်က သိန်း ၁ထောင်ကျော်တန်ဖိုးရှိခဲ့​ပြီး ယခုတွင်ပို၍ တန်ဖိုးရှိနိုင်ကြောင်း ဂေါပကပြောကြားအရ သိရသည်။

ထို့အပြင် ကျောက်တော်တောင် စေတီတော်၏ ထီးတော်အပါအဝင် ၊ ဓမ္မဗိမာန်တော်ကြီး၊ တောင်တက်စောင်းတန်းဆောင်နတ်လမ်းအမိုးများအချို့ထိခိုက်ပျက်စီးခဲ့ရကြောင်းတွေ့ရသည်။

မဟာမုနိဘုရားသည် ကျောက်တော်မြို့အရှေ့ဖက်၏ ၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး ပြည်သူများဘုရားဖူးလည်ပတ်မှုအများဆုံးနေရာတစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ