Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အငူမော်ဆိပ်ကမ်းကို ပြန်လည်ပြုပြင်တော့မည်၊ ဆိပ်ကမ်းကပ်ခွင့် ၂ လကျော်ပိတ်ထားမည်

AB News-ဟိန်းထွန်း

အောက်တိုဘာ ၁၉ ရက်

မိုခါကြောင့်ပျက်စီးသွားခဲ့သည့် ရသေ့တောင်မြို့နယ် မေယုကမ်းဒေသရှိ အများပြည်သူအသုံးပြုရာ အငူမော်ဆိပ်ခံတံတားကို ပြန်လည်ပြုပြင်တော့မည်ဖြစ်သည့်အတွက် လိုင်းဆွဲနေသည့်ဘုတ်များအား ဆိပ်ကမ်းကပ်ခွင့် ၂ လကျော် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းကို ယခုလ ၂၃ ရက်နေ့မှ ၁၂ လပိုင်းကုန်ထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အငူမော်ဆိပ်ခံပျက်စီးနေ၍ မပြုပြင်ဘဲရှိနေသည်မှာ ယနေ့ဆိုလျှင် ၁၅၈ ရက်ခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် ပြည်သူများလည်းလမ်းပန်းဆက်သွယ်ရေး အခက်အခဲများဖြင့် သွားလာနေရကြောင်း တွေ့ရသည်။

အဆိုပါဆိပ်ခံတံတားကိုပြန်လည် အကြီးစားပြု​ပြင်ရန်အတွက် နီပွန်ဖောင်ဒေးရှင်း၏ အာရှ-ဂျပန် ပေါင်းကူးအဖွဲ့ ( BAJ ) မှ တာဝန်ယူပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းဆိပ်ခံတံတား မျက်နှာပြင်မှာ သံကွင်းအပေါက်အပြဲများကြောင့် ခရီးသွားပြည်သူများ အတင်အချပြုလုပ်ရာတွင် အခက်အခဲတွေ့နေရခြင်း၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် စစ်တွေသို့ အချိန်မတော်ဆေးကုသမှုခံယူရာတွင် အခက်ကြုံနေရသည့်အတွက် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း အငူမော်-ရေချမ်းပြင် ကူးတို့လိုင်းဆွဲတာဝန်ခံ ဦးသိန်းထွန်းမောင်က AB News သို့ပြောသည်။

“မိုခါကြောင့် အားလုံးပျက်စီးသွားပါတယ်၊ ခရီးသွားပြည်သူတွေလည်း ကုန်တွေကိုအတင်အချပြုလုပ်ရတာ ခက်ခဲတယ်၊ ဘုတ်သမားတွေလာကပ်တဲ့အခါ သက်ကြီးရွယ်အိုတွေပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေလည်းပါတယ်၊ ဆိပ်ခံကမကောင်းတော့ သွားလာရတာအဆင်မပြေဘူး၊ တစ်ချို့တွေဆို အချိန်မတော်စစ်တွေကို ဆေးခန်းသွားပြရတာတွေ ရှိပါတယ်၊ အန္တရာယ်လည်း ရှိတဲ့အတွက် ပြန်လည် ပြုပြင်တော့မယ် “ဟု ဆိုသည်။

၎င်းဆိပ်ခံတံတားကို အောက်တိုဘာလ ၂၃ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိပြုပြင်သွားမည်ဖြစ်ရာ ပြုလုပ်နေစဥ်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ၎င်းဆိပ်ကမ်းကို ခေတ္တယာယီပိတ်ထားမည်ဖြစ်ပြီး လိုင်းထွက်နေသည့် ဘုတ်အားလုံးသည် ၎င်းဆိပ်ကမ်း၏ ​ဘယ်ဖက်၌ရှိသော ကုန်တင်ကုန်ချပို့ဆောင်နေသည့် အငူမော်ဇက်ဆိပ်မှ အတက်/အဆင်း ပြုလုပ်ကြရန် ရသေ့တောင်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသိပေးထားကြောင်း သိရသည်။

၎င်းတံတားကို ရွာပေါင်း ၂၀ ကျော်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခန်းကဏ္ဍအဖက်ဖက်မှ မှီခိုအားထားနေရသည့်အတွက်ကြောင့် အမြန်ဆုံးပြုလုပ်ပေးစေချင်ကြောင်း အငူမော် ဒေသခံတစ်ဦးက ပြောသည်။

” ဒီဆိပ်ကမ်းကို ရွာပေါင်းများစွာက အသုံးပြု​နေရတာပါ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအဖက်ဖက်ကလည်း မှီခိုနေရတယ်၊ တံတားကပျက်စီးနေတော့ ကိုယ်ဝန်ဆောင်မိခင်တွေဆိုမသွားဝံ့ဘူးဖြစ်နေတယ်၊ ပြုပြင်ပေးစေချင်ပါတယ် “ဟု ဆိုသည်။

ထိုတံတားသည် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် မောင်တောမြို့နယ် အထိဆက်သွယ်ဖောက်လုပ်ထားသည့် ဆိပ်ခံအပြင် ကုန်စည်စီးဆင်းရာအဓိကအချက်အချာကျသည့် နေရာတစ်ခုဖြစ်ကြောင်း တွေ့ရသည်။

၎င်းလမ်းတစ်လျှောက်၏ ဘေးဖက်တွင်ရှိသည့် မေယုအားမာန်တံတားတွင်လည် သံထည်များပြုပြင်ဖာထည့်ရန်လိုအပ်နေကြောင်း သိရသည်။

တံတားအောက်တွင်ရှိသည့် ချောင်းတစ်ခုမှာ ရေစီးသန်သည့်အတွက် မိုးရွာလျှင် ကြောက်စရာကောင်း၍ လှိုင်းလေပြင်းထန်ကာ ကျောင်းသား/သူ များသည် တံတားကို ဖြတ်မကူးဝံ့ဘဲ ကျောင်းမသွားရသည့်ရက်များရှိပြီး ပညာရေးပိုင်းတွင် အားနည်းလာကြောင်း ABN က ကွင်းဆင်းလေ့လာတွေ့ ရှိခဲ့ရသည်။

ယခင်ကဆိုလျှင် အောင်ဆိပ်သို့ ပြေးဆွဲနေသည့် လိုင်းဘုတ်ရောက်ရှိသော်လည်း ယခုအခါတွင် လိုင်းဘုတ် မရောက်ရှိသည့်အတွက် အောင်ဆိပ် ရွာသူရွာသားများသည် ဆိုင်ဝန်ယူရန် တစ်နာရီဝန်းကျင်ရှိသော သရက်ချောင်း ဆိပ်ကမ်းသို့ ခြေကျင်လျှောက်ရနေရသည့်အတွက် စီးပွားရေးပိုင်းတွင်အခက်အခဲ ရှိရုံသာမက လုံခြုံမှုလည်း ပိုပြီးသတိထားလာရကြောင်း တွေ့ရသည်။

လောင်းချောင်းမှ-စေတီပြင်အထိ လမ်းခရီးဆိုးဝါးနေသည့်အတွက် ကား၊ ဆိုင်ကယ် နှင့် သုံးဘီးတို့ဖြင့်လည်း သွာလာရေးအဆင်မပြေဖြစ်နေရာ ခြေကျင်လျှောက်နေရသူပိုများလာနေကြောင်း သိရသည်။

အငူမော်ရွာတွင် ဘုတ်သမားများနှင့် ကုန်တင်ကုန်ချပြုလုပ်ရာတွင် ကားသမားများအသုံးပြုနေရသည့် ဆိပ်ကမ်း ၄ ခုရှိပြီး တစ်ခုမှာ စကစ ထောက်ပို့လမ်းကြောင်းပို့သည့် ဇက်ဆိပ်တစ်ခုရှိကြောင်း တွေ့ရသည်။

ရခိုင်တွင် မိုခါကြောင့်ပျက်စီးသွားခဲ့သည့် လမ်း၊ တံတားများစွာရှိနေပြီး၊ လက်ရှိအချိန်အထိ မပြုပြင်သေးသည့်အတွက် ဒေသခံပြည်သူများသည် သွားလာရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည့်အတွက် ၎င်းလမ်းတံတားများကို ပြန်လည်ပြုပြင်ရန်တောင်းဆိုနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ