Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ဦးရာဇ်တောင်ကြိုးတံတား ပြန်လည်ပြုပြင်ပြီးစီး

ABN-ဟိန်းထွန်း

သြဂုတ် ၅ ရက်

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ဦးရာဇ်တောင်ကြိုးတံတားမှာ ပြန်လည် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့တွင် ရှိသော ဦးရာဇ်မင်္ဂလာကြိုးတံတားကို သြဂုတ်လ ၂ ရက်နေ့က ပြန်လည် စတင်ဖွင့်လှစ်ခဲ့ပြီး တံတားဖြတ်ကူးခ ငွေ ၁၀၀ ကျပ်သတ်မှတ်ထားကြောင်း ဂေါ်ပကအဖွဲ့ဝင်တစ်ဦးထံက သိရသည်။

မိုခါမုန်တိုင်းကြောင့် ကျိုးပျက်ခဲ့ရသည့် ၎င်းတံတားကို ခံနိုင်ရည်ရှိစေရန်အတွက် ပျဥ်းကတိုးသား၊ သစ်မာ နှင့် သံထည်ပစ္စည်းအချို့ဖြင့်ပြုပြင်တည်ဆောက်ထားကြောင်းသိရသည်။

၎င်းတံတားကို ပြန်လည်ပြုပြင် ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ခရီးသွားပြည်သူများ လွယ်ကူစွာသွားလာနိုင်ပြီး စီးပွားရေးအရလည်းအဆင်ပြေသွားကြောင်း ဦးရာဇ်တောင်ဂေါပကအဖွဲ့ဝင်တစ်ဦးက ABN သို့ပြောသည်။

“တံတားကိုတော့ဖွင့်လှစ်ပြီးသွားပါပြီ၊ ခရီးသွားပြည်သူတွေလည်းအဆင်ပြေတာပေါ့၊ စီးပွားရေးအရလည်းအဆင်ပြေပါတယ်” ဟုဆိုသည်။

ပျက်စီးသွားခဲ့သည့်တံတားကို ပြန်လည်ပြုပြင်ရာတွင် ကျပ်ငွေ ခန်းမှန်းခြေသိန်း ၆၀၀ ထက်ပို၍ သိန်း ၇၀၀ ကျော်ခန့်သုံးစွဲခဲ့ရကြောင်းသိရသည်။

ထို့အပြင် ၎င်းတံတားပေါ် ဖြတ်သန်းသွားလာသည့် ရဟန်း၊ သံဃာ၊ ကျောင်းသား /ကျောင်းသူမှ လွဲပြီး ပြည်သူအားလုံးကို တံတားဖြတ်ကူးခ ကျပ်ငွေ ၁၀၀ စီ သတ်မှတ်ထားပြီး မပေးလျှင်လည်း သွားလာခွင့်ရကြောင်း ဂေါပကမှ ဆက်၍ ပြောသည်။

“တံတားကိုဖြတ်သန်းသွားလာတဲ့အခါ ရဟန်း၊ သံဃာ နဲ့ ဆရာ/မ ကျောင်းသူ/သားတွေကိုအခမဲ့သွားလာခွင့်ပြုထားပါတယ်၊ ပြည်သူတွေကိုတော့ ၁၀၀ လောက်ကောက်ခံပါတယ်၊ မပေးလည်းရပါတယ် “ဟု ဆိုသည်။

အဆိုပါကြိုးတံတားကို နေပြည်တော်မှ နတလ ဝန်ကြီးအစီအစဥ်ဖြင့် ဇွန်လ ၂ ရက်နေ့က အင်ဂျင်နီယာ ၁ဝ ဦးဖြင့် စတင်ပြုပြင်ခဲ့ကြောင်းတွေ့ရသည်။

တံတားကို ဖြတ်ကူးရာတွင် မော်တော်ဆိုင်ကယ်တစ်မျိုးတည်းသာ ခွင့်ပြုပေးထားပြီး ၎င်းဆိုင်ကယ်ကိုလည်း တွန်း၍သာ သွားခွင့်ရကြောင်းသိရသည်။

ထိုတံတားသည် စစ်တွေ -ပုဏ္ဏားကျွန်းကမ်းတလျောက်တွင်ရှိသော ကျွဲထိုး၊ တန်းခိုး၊ တန်းစွေ၊ နတ်ဆိပ်၊ မင်းဂံ၊ ကျော်ဇံ နှင့် အခြားရွာများကိုလည်း ချိတ်ဆက်ထားပြီး ကျောင်သား/သူများ နှင့် ခရီးသွားပြည်သူအားလုံးကို လက်လှမ်းမှီစေရန်တည်ဆောက်ထားသောတံတားဖြစ်ကြောင်း ဂေါပကထံကသိရသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အနှံ့အပြားတွင် တံတားများစွာပျက်စီးခဲ့ရပြီး မပြုသေးသည့်တံတားများလည်း ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ