Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် ပျက်စီးသွားသည့်နေအိမ်နှင့် ရွာကို ပြုပြင်ရန် ၄ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရသည့် ရဇိုးချောင်းရွာသားများ နေရပ်ပြန်ရန် တောင်းဆို

ABN-ရာဟု

ဇွန် ၄ ရက်

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ပြုပြင်ရန် ၄ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရသည့် ရသေ့တောင်မြို့နယ် ရဇိုးချောင်းရွာသားများ နေရပ်ပြန်လိုကြောင်း ပြောသည်။

ရဇိုးချောင်းရွာသားများမှာ မြန်မာစစ်တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၉ခု မတ်လကပင် ဘေးလွတ်ရာ စစ်ဘေးရှောင်စခန်းများတွင် လာရောက်ခိုလှုံနေကြခြင်းဖြစ်ပြီး ယခုထိတိုင်နေရပ်ကို မပြန်နိုင်ဘဲ ရှိနေကြရသည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် ရဇိုးချောင်းရွာရှိ နေအိမ်များနှင့် သစ်ပင်များပြိုကျပျက်စီးကာ ရွာထဲကိုပင် ဝင်မရအောင် ပျက်စီးနေပြီး ကျန်နေခဲ့သည့် ဆန်စပါးများ မိုးရေစိုစွတ်ကာ ပျက်စီးသွားပြီး ကျွဲနွားများမှာလည်း လူများနှင့်ထိတွေ့မှုမရှိတဲ့အတွက် ဖမ်းဆီးမရအောင် ရိုင်းနေကြပြီဟု ကျေးရွာဥက္ကဌ ဦးအောင်ရွှေသန်းက ABN သို့ ပြောသည်။

“ရွာက အိမ်တွေအကုန် မုန်တိုင်းကြောင့် ပျက်စီးသွားတယ်၊ သစ်ပင်တွေလဲကျကာ သွားစရာလမ်းတောင်မရှိတော့ဘူး၊ ကျန်နေတဲ့မျိုးစပါးတွေလဲ မိုးစွတ်လို့ အကုန်ပျက်သွားပြီ၊ ကျွဲ နွားတွေက ရိုင်းပြီး ဖမ်းလို့မရတော့ဘူး” ဟုပြောသည်။

လက်ရှိတွင် မုန်တိုင်းကြောင့် ရဇိုးချောင်းရွာတွင် အိမ်ခြေ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားကာ ရွာသားများ နေထိုင်နေကြသည့် စစ်ရှောင်စခန်းများလည်း မုန်တိုင်းကြောင့် အကုန်ပျက်စီး၍ ဖြစ်သလို ပြန်လည်ပြုပြင်နေထိုင်နေကြရကြောင်း ပြောသည်။

ရွာမပြန်နိုင်ဘဲ စစ်ရှောင်စခန်းတွင် နေထိုင်နေရသည်မှာ ၄နှစ်ကျော်ကြာနေပြီဖြစ်ပြီး ရေဇိုးချောင်းရွာသားများ ပျက်စီးသွားသည့် ရွာကိုပြန်လည်ဝိုင်းဝန်းပြုပြင်၍ အခြေချနေထိုင်လိုကြောင်းနှင့် ၎င်းတို့ရွာပျောက်ပျက်သွားမည်ကို စိုးရိမ်သည့်အတွက် နေရပ်ပြန်လိုခြင်းဖြစ်ကြောင်း ၎င်းကဆက် ပြောသည်။

“ကျနော်တို့ ရွာပြန်ပြီး ရွာသားတွေစုလို့ ပျက်စီးသွားတာတွေကို ဝိုင်းဝန်းပြုပြင်ချင်တယ်၊ မဟုတ်ရင် ရွာပျောက်သွားတော့မယ်၊ ငွေကြေးကလည်းရှိတာမဟုတ်ဘူး၊ ဘာဖြစ်ဖြစ်ရွာကို ပြန်ပြုပြင်ချင်တယ်၊ မွေးရပ်မှာပြန်နေချင်တယ်” ပြောသည်။

ရေဇိုးချောင်ရွာတွင် အိမ်ခြေ ၄၄၆ ဆောင် ရှိကာ လူဦးရေ စုစုပေါင်း ၂၃၁၃ ဦးရှိသည်။ လက်ရှိတွင် ရသေ့တောင်မြို့ပေါ်ရှိ စေတီတောင်အရှေ့ဖက်၊ အနောက်ဖက်ကျောင်း၊ ရွှေတောင်ကျောင်းနှင့် စေတီပြင် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်လျက်ရှိကြသည်။

ရဇိုးချောင်းရွာသားများမှာ နေရပ်ပြန်နိုင်ရန် အတွက် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကို တောင်းဆိုထားပြီး ရက္ခိုင့်တပ်တော်က နေရပ်ပြန်နိုင်အောင်နှင့် နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန် ကူညီမည်ဟု သိရပြီး စစ်ကောင်စီကတော့ ပြန်လည် ပြောဆိုခြင်း မရှိသေးကြောင်း ရွာသားများက ပြောသည်။

ဓာတ်ပုံ-ABN/ မုန်းတိုင်းကြောင့် ရဇိုးချောင်းရွာ ပျက်စီးနေသည့်မြင်ကွင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ