Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်တော်မြီု့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်း ရေနစ်မြုပ်၍ စစ်ဘေးရှောင်များ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ

ABN-နွယ်စိုး

သြဂုတ်-၅ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနေမှုကြောင့် စစ်ဘေးရှောင်စခန်းရှိ လူနေအိမ်များ ရေနစ်မြုပ်ကာ စစ်ဘေးရှောင် ၅၀၀၀ ကျော်မှာ ကုန်းမြင့်နေရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

မိုးရေများမှ ၅ ပေမှ ၆ ခန့်ထိ ရေတက်နေပြီး စစ်ဘေးရှောင်များ နေထိုင်သည့် အဆောင်များမှာလည်း ရေထဲ နစ်မြုပ်သွားပြီဟု ညောင်ချောင်း စစ်ဘေးရှောင် ၁ ဦးကပြောသည်။

‘’မိုးအဆက်မပြတ်ရွာတော့ ရေကြီးတာပါ။ လူနေဆောင်တွေဆို ရေနစ်နေပါပြီ။ ကျတော်တို့အိမ်ဆို ရေပြည့်တာ အရပ်မမီတော့ဘူး’’ ဟု ABN သို့ ပြောသည်။

ထို့အပြင် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအနေဖြင့် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနေမှုကြောင့် နေထိုင်ရေးအခက်အခဲများ၊ စားနပ်ရိက္ခာများနှင့် အမိုးအကာ တာပေါ်လင်စများ အပြင် စသည့် အခက်အခဲများကို ကြုံတွေ့နေကြရသည်ဟု ၄င်းက ဆက်ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် သြဂုတ်လ ၂ ရက်နေ့မှ့ ၅ ရက်နေ့အထိ နေ့စဥ် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် ဇီးချောင်းဆည်မှ ရေများနှင့် လယ်ကွင်းပြင်မှ ရေများ ဝင်ရောက်လာကာ အဆိုပါစစ်ဘေးရှောင်စခန်း၌ ရေ ၆ ပေခန့်လောက် အထိမြင့်တက်လာနေပြီး စစ်ဘေးရှောင်များအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်နေရာသို့ ရွှေ့ပြောင်းနေကြရသည်ဟု သိရသည်။

ထိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော်ရှိသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်မှ မင်းသားတောင်ရွာ၊ ရွှေပြည်ရွာ၊ နာဂရာရွာ၊ ရွာမပြင်ရွာနှင့် ကျားနားကန်ရွာတို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ယာမြေများတွင် ရေပြည့် ရေလျှံဖြစ်ကာ စပါးများ ပျက်စီးသွားကြောင်း ကျောက်တော်မြို့နယ်မှ လယ်သမားများက ပြောသည်။

အလားတူ နေ့စဥ် ရက်ဆက် မိုးသည်းထန်ရွာသွန်းမှုကြောင့် မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ကမ်းတစ်လျှောက်တွင် မြစ်ရေမြင့်တက်လာနေပြီး ပိုးဖြူကျွန်း၊ ဂုံးကျွန်း၊ မြက်ရိတ်ကျွန်း၊ ရှောက်ဖြူကျွန်း၊ ပရိန်းကုန်း၊ ကျောက်တင်ကုန်း စသည့် မြေနိမ့်ပိုင်း ကျေးရွာများသို့ ရေလွှမ်းမိုးလာနိုင်ခြေရှိသည်ဟု သိရသည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ