Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးအဆက်မပြတ်ရွာသွန်းပြီး လေးမြို့မြစ်ရေမြင့်တက်လာမှုကြောင့် ရှောက်ဖြူကျွန်းကျေးရွာရှိ မိုးသီးနှံစိုက်ခင်းများရေနစ်မြုပ် ပျက်စီးဆုံးရှုံး

ABN-ရာဟု

သြဂုတ် ၇ရက်

ရခိုင်ပြည် မြောက်ဦးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေးမြို့မြစ်ရေမြင့်တက်လာမှုကြောင့် ရှောက်ဖြူကျွန်းကျေးရွာရှိ မိုးသီးနှံစိုက်ပျိုးကြသည့် တောင်သူများ၏ မိုးသီးနှံစိုက်ခင်းများ ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှုများဖြစ်နေကြသည်ဟု စုံစမ်းသ်ိရှိရသည်။

ရှောက်ဖြူကျွန်းကျေးရွာ လေးမြို့မြစ်ကမ်းဘေး ကျောက်ကျွန်းထက်တွင် တောင်သူများစိုက်ပျိုးထားသည့် မိုးသီးနှံ ခ၀ဲခင်းနှင့် ကြက်ဟင်းခါးသီးခင်းများကို ရေနစ်မြုပ်နေသည့်အတွက် ပျက်စီးဆုံးရှုံးမှုများဖြစ်သွားသည်ဟု သိရသည်။

အဆိုပါ ကျောက်ကျွန်းထက်တွင် မိုးသီးနှံစိုက်ပျိုးထားသည့်တောင်သူများမှာ ရှောက်ပုံကျွန်းကျေးရွာမှ ဦးမောင်ထွန်းစိန်၊ ဦးမောင်အေးစော၊ ဦးမောင်ညွန့်ဖေ၊ ဦးသိန်းအောင်ကျော်၊ ဦးစံကျော်သာ တို့ဖြစ်သည်။

နှစ်စဥ်နှစ်တိုင်း ၎င်းနေရာတွင် မိုးသီးနှံစိုက်ခင်းများကို စိုက်ပျိုးကာ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများရနေသော်လည်း ယခုနှစ်တွင် စိုက်ခင်းများအတွင်းကို ရေလွှမ်းမိုးကာ အပင်များရေနစ်မြုပ်၍ စိုက်ခင်းများအားလုံးပျက်စီးသွားသည့်အတွက် စိုက်ပျိုးစရိတ်ပင် ရနိုင်တော့မည်မဟုတ်ဟု စိုက်ခင်းပိုင်ရှင်တစ်ဦးဖြစ်သူက ပြောသည်။

“ကျနော်တို့ ဒီနေရာမှာ နှစ်တိုင်းစိုက်နေတာပါ၊ မိသားစုအတွက် ဝင်ငွေလေးရအောင်၊ ဒီနှစ်က မိုးတအားရွာတော့ မြစ်ရေမြင့်တက်လာပြီး အားလုံးမြုပ်သွားတာပေါ့၊ စိုက်ပျိုးစရိတ်တောင် ရပါ့မလားမသိတော့ဘူး”ဟု မိုးသီးနှံစိုက်ခင်းပိုင်ရှင် ဦးမောင်ထွန်းသိန်မှ ABN သို့ ပြောဆိုသည်။

လေးမြို့မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ရှောက်ဖြူကျွန်းအပါအဝင် ပိုးဖြူကျွန်း၊ ဂုံးကျွန်း၊ မြက်ရိပ်ကျွန်း၊ ပရိန်ကုန်း ကျေးရွာများအပါအဝင် ကျေးရွာအများအပြားကို ရေများတက်လာနေပြီး မိုးထပ်မံရွာသွန်းပါက တခြားမိုးသီးနှံစိုက်ခင်းများပါ ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှုများထပ်မံဖြစ်ပွားနိုင်ပြီး ကျေးရွာများပါ ရေနစ်မြုပ်နိုင်သည်ဟု ပရိန်ကုန်းကျေးရွာသားတစ်ဦးက ပြောသည်။

“ခုက လေးမြို့ကမ်းဘေးရွာတွေ မှာ ရေတွေစဝင်နေပြီ၊ ရွာလမ်းတွေမြုပ်နေပြီ၊ ထပ်မိုးရွာလာရင် မိုးသီးနှံစိုက်ခင်းတွေရေမြုပ် ပျက်စီးသွားနိုင်တယ်၊ ရွာတွေမှာ နေအိမ်တွေကိုရေ တက်လာနိုင်တာပေါ့ “ဟု ပရိန်ကုန်းကျေးရွာမှ ဦးထွန်းကျော်မြမှ ABN သို့ ပြောသည်။

ကျောက်တော်မြို့နယ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မင်းသားတောင်၊ ရွှေပြည်၊ နာဂရာ ၊ ရွာမပြင်၊ ညောင်ချောင်းစသည့်ကျေးရွာများတွင် ရေးများကျေးရွာများအထိ ဝင်ရောက်ကာ လယ်ယာမြေများစွာ နစ်မြုပ်နေသည်ဟု သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ