Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်ရှိ မြို့အချို့နှင့် ကျေးရွာအချို့တို့တွင် ကယ်ဆယ်ထောက်ပံ့မှုများရရှိသော်လည်း ဘုန်းတော်ကြီးကျောင်းများ ကူညီထောက်ပံ့ပေးမှု မရ

ABN-မေအိအိအောင်

မေ ၂၈ ရက်

ရခိုင်ပြည်တွင် ပျက်စီးဆုံးရှုံးမှုများသော မိုခါ( MOCHA) မုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ရှိ မြို့အချို့နှင့် ကျေးရွာအချို့တို့တွင် ကယ်ဆယ်ထောက်ပံ့ပေးမှုများ ရှိသော်လည်း ရွာထဲရှိ ဘုန်းကြီးကျောင်းများကိုမူ ကူညီထောက်ပံ့ပေးမှုများ မရှိသေးသည်ကို တွေ့ရသည်။

ယင်း အင်အားပြင်း မုန်တိုင်း လွန်ပြီးနောက် ရခိုင်ပြည်ရှိ ပုဏ္ဏားကျွန်းမြို့နယ်တွင် မုန်တိုင်းအတွင်းပျက်စီးသွားသည့် ဒေသခံ/ ရွာသားများ၏ အဆောက်အအုံများအတွက် လိုအပ်သည့် ပစ္စည်းများကို ကယ်ဆယ်ထောက်ပံ့ပေးမှုများရှိသော်လည်း ၎င်းမြို့နယ်များရှိ ရွာထဲမှ ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများကိုမူ ကူညီထောက်ပံ့ပေးမည့်သူများ မရှိသေးပေ။

ပုဏ္ဏားကျွန်း မြို့နယ် နတ်ဆိပ်ရွာ ဘုန်းကြီးကျောင်းဝန်းတွင် ကျောင်းဆောင်စုစုပေါင်း ၅ ဆောင် ရှိသည့်အနက် အဆောင် ၄ ဆောင်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားကြောင်းနှင့် လက်ရှိတွင် အဆိုပါ ကျောင်းဆောင်များကို ပြန်လည်ပြုပြင်ရန် အဆင်မပြေသေးသည့်အပြင် ကယ်ဆယ်ထောက်ပံ့ရေးအဖွဲ့များလည်း မရောက်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးပညိန္ဒြိယက ABN သို့ ပြောသည်။

“စုစုပေါင်းအဆောင်က ၅ ဆောင်ရှိပါတယ်။ ကျောင်းဆောင်ကြီး တစ်ဆောင်ရယ်၊ ဆွမ်းစားဆောင်၊ ဓမ္မာရုံ အပါအဝင်ဆို အဆောင် လေး ဆောင်ပျက်စီးသွားပါတယ်။ မုန်တိုင်းကြောင့် သွပ်၊ သံဖြူတန်းနဲ့ သစ်တွေပါ ပျက်စီးသွားတာပါ။ လောလောဆယ်တော့ ကျောင်းဆောင်တွေ ပြန်ပြုပြင်ဖို့က အဆင်မပြေသေးပါဘူး။ ရွာထဲက ရွာသားတွေကိုတော့ ကယ်ဆယ်ရေး လာပေးတယ်လို့ ကြားပါတယ်။ ဘုန်းကြီးကျောင်းကိုတော့ ကယ်ဆယ်ရေးတွေ မရောက်ပါဘူး” ဟုပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အလယ်ချောင်းကျေးရွာတွင်လည်း ရွာရှိ ဘုန်းတော်ကြီးကျောင်းမှာ အင်အားပြင်း မုန်တိုင်းကြောင့် ကျောင်းဆောင်များအားလုံးနီးပါး ပျက်စီးသွားပြီး ကျောင်းဆောင်းအား ပြန်လည်ပြုပြင်ရန် လက်ရှိအခြေအနေဖြင့် မဖြစ်နိုင်သေးကြောင်း အလယ်ချောင်းရွာမှ အုပ်ချုပ်ရေးမှူးပြောကြားချက်အရသိရသည်။

ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်တွင်ရှိသည့် ရွှေတောင်တန်း ဘုန်းကြီး မှကျာင်းဆောင်များလည်း မေလ ၁၄ ရက်နေ့က တိုက်ခဲ့သော မုန်တိုင်းကြောင့် ပျက်စီးခဲ့ရပြီး ယင်းကျောင်းရှိ ဆရာတော် အနေဖြင့် ပြန်လည်ပြုပြင်ရန် အဆင်မပြေကြောင်းနှင့် ရပ်သူရွာသားများမှာလည်း မုန်တိုင်းဘေးသင့် ဒုက္ခသည်များ ဖြစ်နေသည့်အပြင် ကူညီထောက်ပံ့ပေးမည့် ကယ်ဆယ်ရေးများလည်း မရောက်သည့်အတွက် လောလောဆယ်တွင် သွပ်မိုးအဟောင်းများဖြင့် မိုးကာ၍ နေနေရကြောင်း ရွှေတောင်တန်း ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က ABN သို့ပြောသည်။

“ကျောင်းဆောင်တွေက ပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေမရောက်ဘူး။ ပျက်စီးသွားတဲ့အဆောင်တွေကို ပြန်ပြုပြင်ဖို့က ဘုန်းကြီးအနေနဲ့လည်း မပြုပြင်နိုင်ဘူး။ ရပ်သူရွာသားတွေကလည်း အကုန်ပ မုန်တိုင်းဘေးသင့် ဒုက္ခသည်တွေဖြစ်နေကြတယ်။ လောလောဆယ်တော့ သွပ်မိုးအဟောင်းတွေကို မိုးကာပြီး နေနေတယ် ” ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အင်အားပြင်း မိုခါ မုန်တိုင်းကြောင့် ရခိုင်တွင် နေအိမ်၊ အဆောက်အအုံ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ၁၀၀ ရာခိုင်နူန်းခန့် ပျက်စီးဆုံးရှုံးသွားခဲ့သည်။

ယင်းအပြင် အဆိုပါမုန်တိုင်းကြောင် ရခိုင်ပြည်မှ အရပ်သားပြည်သူ ၁၁ သိန်းကျော်ကို ထိခိုက်မှုများရှိခဲ့ပြီး ပြည်သူစုစုပေါင်း ၄၅၀ ဦးခန့် သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ