Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းအတွင်း ပြည်သူ့အကျိုးကိုကူညီဆောင်ရွက်ပေးခဲ့ကြသည့် စစ်သည်၊ စစ်မေများအား အထူးကျေးဇူးတင်ကြောင်း AAတပ်မှူးချုပ်ပြောကြား

မိုခါမုန်တိုင်းအတွင်း ပြည်သူ့အကျိုးကိုကူညီဆောင်ရွက်ပေးခဲ့ကြသည့် စစ်သည်၊ စစ်မေများအား အထူးကျေးဇူးတင်ကြောင်း AAတပ်မှူးချုပ်ပြောကြား

ABN-ရှိုင်းမိုး

စက်တင်ဘာ ၈ရက်

ရခိုင်တွင် မေလ ၁၄ရက်နေ့က ဖျက်အားအလွန်ပြင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် နံနက် ၁၀ နာရီကျော်မှ ညနေ ၈နာရီကျော်အထိ တိုက်ခတ်ခဲ့သည်။

ထိုမိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် အိမ်ပြန်ချင်သည့်ကြားက ပြည်သူများအကျိုးအတွက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြသည့် ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်များအားလုံးကို အထူးကျေးဇူးတင်ပြီး မှတ်တမ်းတင်ထားအပ်ကြောင်း ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် တပ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောကြားလိုက်သည်။

“တပ်ဖွဲ့ဝင်တွေ လေမုန်တိုင်းကြောင့် အိမ်ပြန်ချင်ကြတယ်၊ ဒါပေမယ့် အထက်ကပေးအပ်လာတဲ့တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်ကြတယ်၊ ပြည်သူအတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဝင်လုပ်နေကြရတယ်၊ ပန်းပင်ရင်တောင် မနားမနေလုပ်ပေးကြတယ်၊ ကျနော့်အနေနဲ့ အထူးကျေးဇူးတင်ပါတယ်၊ သူတို့လုပ်ပေးတာကိုမှတ်တမ်းလည်းတင်တယ်” ဟုပြောကြားလိုက်သည်။

ထိုသို့ ကျေးဇူးတင်ကြောင်းကို တပ်တော်အတွင်း စစ်သည်တော်များအား မိန့်ခွန်း ပြောကြားစဥ် ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်း အရသိရသည်။

မိုခါမုန်တိုင်းသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ပေါက်တော၊ သံတွဲ၊ စသည့်မြို့နယ်များကို တိုက်ခတ်ခဲ့သည်။

ထိုမြို့နယ်များတွင် မိုခါတိုက်ခတ်ခဲ့သောကြောင့် လူများသေဆုံးခြင်း၊ လူနေအိမ်များပြိုကျခြင်း၊ တိရစ္ဆာန်များသေဆုံးခြင်း၊ ဥယာဥ်ခြံများပျက်စီးခြင်း ရပ်ရွာထဲတွင် ရေကန်များပျက်စီးခြင်း၊ လမ်းများပျက်စီးခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု ရာခိုင်နှုန်းသည် ၁၀၀ နီးပါးရှိခဲ့သည်။

ထိုဒေသများကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးခဲ့သည်ကိုတွေ့ရသည်။

မုန်တိုင်းဒဏ်သင့်ခဲ့သည့် အချို့သော နေရာဒေသများတွင် လမ်းခရီးအဆင်မပြေသောကြောင့် ကယ်ဆယ်ရေး ဆန်ရိက္ခာ အပါဝင် စာနပ်ရိက္ခာများကို ပခုံးပေါ် ထမ်းသယ်ပြီး ပြည်သူများလက်ထဲသို့ ပို့ဆောင်ပေးခဲ့သည်ကို ABN က တွေ့မြင်ခဲ့ရသည်။

ထိုပျက်စီးသွားသော မြို့နယ်ထဲတွင် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ၏ မိသားစုနေအိမ်များပါဝင်သော်လည်း တပ်ဖွဲ့ဝင်များသည် မိဘအိမ်ကိုမသွားခဲ့ရဘဲ ပြည်သူများအတွက် ကူညီလုပ်ဆောင်ပေးခဲ့ကြသည်။

မိုခါမုန်တိုင်းမတိုက်ခတ်မီ ရက်ပိုင်းအလိုတွင်လည်းမြေနိမ့်ပိုင်းမှ ဒေသခံ တစ်သိန်း ကျော်ကို ကုန်မြင့်ပိုင်းသို့ကူညီပို့ဆောင်ပေးခဲ့ကြသည်။

ထိုသို့ မုန်တိုင်းအကြိုကာလက မြေနိမ့်ပိုင်းမှ ပြည်သူများကို ကုန်းမြင့်ပိုင်းသို့ ပို့ဆောင်နိုင်ခဲ့သောကြောင့်လည်း လူ့အသက် သေကြေမှု နည်းခဲ့သည်ဟု ABN ကမှတ်ယူသည်။

ဓာတ်ပုံ-မုန်တိုင်းအကြို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေစဥ်/HDCO

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ