Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းဒဏ်ခံစားနေရတဲ့ရခိုင်ပြည်သူများကို ရက္ခိုင့်တပ်တော်က ကူညီကယ်ဆယ်ရေးများ ဆက်တိုက်လုပ်ဆောင်ပေးနေ

ABN-ရာဟု

ဇွန် ၁၁ ရက်

ရခိုင်တွင် မိုခါမုန်တိုင်းဒဏ် ခံစားနေရသည့် ရခိုင်ပြည်သူများကို ရက္ခိုင့်တပ်တော်က ကူညီစောင့်ရှောက်ကာ ပြုပြင်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နေသည်ကိုတွေ့ရသည်။

မေလ ၁၄ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် နေအိမ်ပေါင်း၂၁၆၀၀၀ကျော်ပျက်စီးခဲ့ပြီး ရခိုင်ပြည်သူ ၁သန်းကျော်မှာ စားဝတ်နေရေးနှင့် ပြန်လည်တည်ဆောက်ပြုပြင်ရေးတို့အတွက် ဒုက္ခရောက်နေကြရသည်။

မုန်တိုင်းဒဏ် အများဆုံးခံစားခဲ့ရသည့် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ကျောက်တော် မြောက်ဦး၊ မြေပုံနှင့် ပေါက်တောမြို့နယ်ရှိကျေးရွာများမှ ပြည်သူများကို ရက္ခိုင့်တပ်တော် ULA/AA လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က မုန်တိုင်းမတိုက်ခတ်မီကတည်းက ပြည်သူ ၁၀၀၀၀ ကျော်ကို ဘေးလွတ်ရာနေရာများသို့ ကူညီပို့ဆောင်ပေးထားခဲ့ပြီး လိုအပ်သည့် စားနပ်ရိက္ခာများကိုလည်း ကူညီပေးနိုင်ခဲ့သည့်အတွက် လူအသေအပျောက် အနည်းဆုံးဖြစ်တာဟု ပေါက်တောမြို့နယ် ငပြီကျွန်းမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

“ကျနော်တို့ကို ရက္ခိုင့်တပ်တော်က စစ်သားတွေ ဘုတ်တွေနဲ့လာယူကြတာ၊ မုန်တိုင်းခုလောက်ကြီးမယ်မထင်ဘူး၊ သူတို့လာမယူရင်ကျနော်တို့ ဘေးလွတ်ရာကို သွားဖြစ်မယ်မထင်ဘူး၊ ခုကကြောက်စရာကြီးဘဲ၊ အိမ်တွေအကုန်ပါသွားတယ်၊ လူအသေအပျောက်မရှိတာ ရက္ခိင့်တပ်တော်ကြောင့် ” ဟု ငပြီကျွန်းမှ ဦးကျော်သန်းက ABN သို့ပြောဆိုသည်။

မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက်တွင်လည်း ရက္ခိုင့်တပ်တော်က မြို့နယ်တိုင်းတွင် အရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေး စင်တာများဖွင့်ကာ ပရဟိတအဖွဲ့များကိုလည်းပူးပေါင်းပါဝင် လက်တွဲလုပ်ဆောင်ကြဖို့တိုက်တွန်း ဖိတ်ခေါ်ပြီး ကူညီကယ်ဆယ်ရးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် အားရကျေနပ်ကြောင်းပရဟိတလုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

“ကျနော်တ်ို့ အကူအညီတွေ သွားပေးတော့မယ်ဆိုရင် ရက္ခိုင့်တပ်တော်ကဖွင့်ထားတဲ့ ကူညီးကယ်ဆယ်ရေးစင်တာတွေကိုသွားတယ်၊ အဲဒီမှာက ဘယ်ရွာတွေက ပိုပျက်စီးတာများတယ် နည်းတယ်ဆိုတာကိုသိရတယ်၊ အဲ့တော့ အဲကတစ်ဆင့်ပဲ ကျနော်တို့သွားတာ ရက္ခိုင့်တပ်တော် လုပ်ဆောင်နိုင်စွမ်းကို ကျနော်တို့ အားရတယ်” ဟု အမည်မဖော်လိုသည့် ပရဟိတသမားတစ်ဦးက ABN သို့ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA တပ်တော်သားများက လည်း ကိုယ်တိုင် ကျေးရွာများအထိဆင်းကာ ပြိုလဲကျနေသည့် သစ်ပင်များကိုရှင်းလင်းခြင်း၊ ပျက်စီးနေသည့်နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများကို ပြုပြင်ခြင်း၊ ဆားငံရေများဝင်ရောက်ခဲ့သည့်ကန်များမှ ရေဆိုးများကို စုပ်ထုတ်ခြင်းနှင့် ပြည်သူ့ ကျန်းမာရေးတို့အတွက် ဆေးတပ်သားများက ကျေးရွာများအထိ သွားရောက်၍ ယနေ့အထိ ကုသပေးနေကြသည်ကိုတွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မေလ၂၄ ရက်နေ့က ပရဟိတသမား ဆရာဝေဟင်အောင်ကို ဖမ်းဆီးစစ်ဆေးပြီး ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဇွန်လ ၇ရက်နေ့တွင်လည်း နိုင်ငံတကာ အဖွဲ့များနှင့်ပရဟိတသမားများကို ခရီးသွားလာခွင့်များ ပိတ်ပင်ထားခဲ့ခြင်း၊ ဇွန်လ ၉ရက်နေ့တွင် ရန်ကုန်မှ လာသည့် ကူညီကယ်ဆယ်ရေး ပရဟိတကားကို မြောက်ဦးရှိ ၅၄၀တပ်က ဖမ်းစီးထားခဲ့ရာ ဇွန်လ ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များကို အကြောင်းကြားပြီး သွားလာရမည်ဟု ကန့်သတ်ချက်များထုတ်ကာ လွတ်လပ်စွာကူညီခွင့်များကို တားမြစ်ပိတ်ပင်လာခဲ့သည်။

မုန်တ်ိုင်းကြောင့် ပြည်သူများအခက်တွေ့နေချိန် ယခုလိုပိတ်ပင်ကန့်သတ်မှုမျိုး စကစက လုပ်ဆောင်လာနေသော်လည်း ရက္ခိုင့်တပ်တော် ULA/AA ၏ ERRCA နှင့် HDCO လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးကမူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကာ ပရဟိတသမားများ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အတူပူးပေါင်ကာလုပ်ဆောင်နေသလို ဆက်လက်ပြီး လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ