Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် မြေပုံမြို့နယ်တွင် AAက အမိုးအကာများနှင့် စားနပ်ရိက္ခာများထောက်ပံ့

ABNမေအိအိအောင်

ဇွန်လ ၁၇ ရက်

ဖျက်အားပြင်း ဆိုင်ကလုန်း မိုခါမုန်တိုင်းဒဏ်ကို ခံခဲ့ရသည့် ရခိုင်ပြည် မြေပုံမြို့နယ်ရှိ ကျေးရွာများကို ရက္ခိုင့်တပ်တော် ULA/AA က အမိုးအကာများနှင့် စားနပ်ရိက္ခာများကို ဆက်လက် ထောက်ပံ့ပေးနေကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သော MOCHA ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်ရှိ စစ်တွေမြို့၊ ဘူးသီးတောင်မြို့၊မောင်တောမြို့၊ ပုဏ္ဏားကျွန်းမြို့၊မြေပုံမြို့၊ ကျောက်တော်မြို့နှင့် မင်းပြားမြို့တို့တွင် ထိခိုက်မှုအများဆုံးရှိခဲ့သည်။

အဆ်ိုပါ ဆိုင်ကလုန်း မုန်တိုင်း မတိုက်ခတ်မီ မုန်တိုင်းတိုက်ခံရသည့် ကျေးရွာများမှ ပြည်သူများကို ရက္ခိုင့်တပ်တော် ULA/AA ၏ ရဲဘော်/ ရဲမေများက ဘေးလွတ်ရာသို့ကူညီပို့ဆောင်ပေးခြင်းများနှင့် ရွှေ့ပြောင်းစဉ်အတွင်း လိုအပ်သည့်စားနပ်ရိက္ခာများကိုလည်းကူညီပေးခဲ့သည်ကိုတွေ့ရသည်။

မုန်တိုင်းလွန်ပြီးနောက် ၁ လ ကျော်သည့်အချိန်ထိလည်း ရခိုင်ပြည်ရှိ ရပ်ရွာများ၊ လမ်းများရှိ သစ်ပင်များကို ရှင်းလင်းခြင်းများ၊ နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးခြင်း၊ ဆားငန်ရေဝင်သွားခဲ့သည့် ရေတွင်း၊ရေကန်များမှ ရေများကို ကူညီဖယ်ရှားပေးခြင်းများနှင့် ပြည်သူများ၏ နေအိမ်များအား မိုးရန် လိုအပ်သော အမိုးအကာများနှင့် စားနပ်ရိက္ခာများကို အဆက်မပြတ်ကူညီပေးလျက်ရှိသည်။

ယင်းအပြင် AAမှ ရခိုင်ပြည်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ပေါက်တောနှင့် မြောက်ဦးတို့မှ ပြည်သူများ၏ အိမ်များကို ပြန်လည်ပြုပြင်၊ ဆောက်လုပ်ပေးလျက်ရှိသည်။

MOCHA မုန်တိုင်းကြောင့် ရခိုင်ပြည်သူ ၁,၅၄၇,၇၆၁ ကိုထိခိုက်ခဲ့ပြီး ၁၀၀ ကျော်သေဆုံးကာ နေအိမ်ပေါင်း ၂၈၈,၅၃၀ ပျက်စီးသည့်အပြင် ပြည်သူတို့၏ လယ်ကွင်း၊ ဥယျာဉ်ခြံမြေ နှင့် တာများနှင့် ကျွဲ၊ နွားများလည်း သေဆုံးခဲ့သည်။

ယင်းအပြင် ရခိုင်ပြည်အတွင်း စာသင်ကျောင်းပေါင်း ၁၅၃၈ ကျောင်းနှင့် ဆေးရုံပေါင်း ၇၅၁ ရုံပျက်စီးခဲ့ကြောင်း ရက္ခိုင့်တပ်တော် ULA/AA ၏ ထုန်ပြန်ချက်အရသိရသည်။

ရခိုင်ရှိ မုန်တိုင်းသင့် ပြည်သူ ၇၀ ရာခိုင်နှုန်းမှာ ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲများစွာရှိနေပြီး လတ်တလောတွင် သောက်သုံးရေ၊ ဆေးဝါးများ၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေဆဲဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကောက်မျိုးစပါး အကူအညီများလည်း လိုအပ်မည်ဖြစ်သည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ