Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သည့် ကျောက်တော်တောင်စေတီကို ထီးတော်သစ်တင်ရန် ငွေကြေးလိုအပ်နေ

ABN-ဟိန်းထွန်း

ဇူလိုင် ၂၄ ရက်

မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ သမိုင်းဝင်ဖြစ်သည့် သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်တွင်တည်ထားကိုးကွယ်လျက်ရှိသောစေတီတော်မြတ်ကို ထီးတော်သစ်တင် ရန်အတွက် ရံပုံငွေများလိုအပ်နေကြောင်းသိရသည်။

မေလ ၁၄ နေ့က တိုက်ခတ်ခဲ့သော အားကောင်းသော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ကျောက်တော်တောင် စေတီတော်မြတ်၏စိန်ထီးတော်အပါအဝင် ဘုရားဖူးတက်ရန်လမ်း၌ နားနေအဆောင်များ၊ ဓမ္မဗိမာန်တော်ကြီး၊ တောင်တက်စောင်းတန်းဆောင်နတ်လမ်းအမိုးများ နှင့်လမ်းတစ်ချို့ထိခိုက်ပျက်စီးခဲ့ကြောင်းတွေ့ရသည်။

ထိုစေ​တီတော်မြတ်၏ ထီးတော် ပြန်လည်ပြုပြင်ရန်အတွက် ငွေကြေးများ အရေးတကြီးလိုအပ်နေလျက်ရှိပြီး၊ သီတင်းကျွတ်လတွင် စတင်ပြုပြင်သွားမည်ဖြစ်ကြောင်း ​ကျောက်တော်တောင် ဂေါ်ပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမောင်ထွန်းခိုင်က ABN သို့ပြောသည်။

“အများကြီးထိခိုက်ပျက်စီးသွားပါတယ်၊ ထီးတော်ကိုပြန်လည်ပြုဖို့အတွက် ပိုက်ဆံတွေအများကြီးလိုအပ်နေပါတယ်၊ ရံပုံငွေကောက်လို့ရတဲ့ပိုက်ဆံနဲ့ ဝါကျွတ်လလောက်ဆိုရင် စေတီတော်ကိုစတင်ပြီး ပြုပြင်တော့မှာပါ” ဟု ဆိုသည်။

ထီးတော် ကိုပြန်လည်မွမ်းမံဖို့အတွက် ငွေကြေး သိန်း ၅၀၀ နှင့် သိန်း ၁၀၀၀ ကြားတွင်ရှိနေပြီး၊ ပျက်စီးသွားခဲ့သော အဆောင်များကိုလည်း ဂေါပကအဖွဲ့ဝင်များက ကိုယ်ထူကိုယ်ထအနည်းငယ်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ယမန်နေ့က ရဟန်း၊သံဃာများနှင့် လူဦးရေ ၉၀ ကျော်ကို အစည်းအဝေးခေါ်ယူခဲ့ကာ ဝါကျွတ်လတွင် စတင်ဆောက်လုပ်​သွားမည်ဟု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်သူများထံမှထည့်ဝင်လှူဒါန်းသည့်အလှူငွေများသည် ထီးတော်သစ် တပ်ဆင်နိုင်ရန် ​လုံလောက်သည့်အနေအထားတွင်မရှိ၍ နောက်ဆက်ပြီး ရန်ပုံငွေများကောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်၍ပြောသည်။

” ပြည်သူတွေဆီကထည့်ဝင်လှူဒါန်းတဲ့ပိုက်ဆံကတော့ သိန်း ၁၀၀ တောင်မပြည့်သေးပါဘူး၊ လုံလောက်တဲ့အနေအထားကိုမရာက်သေးပါ၊ နောက်ထပ်ပြီးတော့လည်း ရန်ပုံငွေတွေကောက်ခံသွားဖို့ရှိပါတယ် “ဟု ဆိုသည်။

ကျောက်တော်တောင်စေတီတော်မှာ မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ရခိုင်ဘုရင်စန္ဒသူရိယမင်းသည် မနောဒိဌာန်ဖြင့်ပင့်လျှောက်ခဲ့မှုကြောင့် ဗုဒ္ဓဘုရားရှင်မြတ်သည် ရခိုင်သို့ကြွချီလာကာ သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်တွင်ရပ်နားတော်မူခဲ့သည်ဟု သမိုင်းမှတ်တမ်းတွင်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ