Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းကြောင့် နေအိမ်များပျက်စီးသွားသည့် ပီပင်ရင်းရွာတွင် ယခုထိအကူအညီများမရရှိသေး

ABN-ရာဟု

ဇွန် ၅ရက်

ရခိုင်ပြည် မြောက်ဦးမြို့နယ်ရှိ ပီပင်ရင်း(မူဆလင်)ကျေးရွာတွင် မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း မိုခါမုန်တိုင်းကြောင့် နေအိမ်များပြိုကျပျက်စီးသွားသော်လည်း ယနေ့အချိန်ထိ ကူညီကယ်ဆယ်ရေးများ မရောက်ရှိသေးဟု သိရသည်။

ပီပင်ရင်း (မူဆလင်) ရွာတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်၄၀၀ ကျော် ပျက်စီးသွားခဲ့ပြီး ကွမ်းသီးပင်စိုက်ခင်းများအပါအဝင် မျိုးစပါးများနှင့်ဝမ်းစာအတွက်စုထားသည့် စပါးများလည်း မိုးရေစို ပျက်စီးသွားသည်ဟု သိရသည်။

“ရွာမှာ အိမ်ခြေ ၄၀၀ နီးပါးပျက်စီးသွားတယ်၊လုံးဝပြန်ပြုပြင်လို့မရအောင် ပျက်စီးသွားတာလည်းရှိတယ်၊ မျိုးစပါးနဲ့ ဝမ်းစာစပါးတွေ မိုးရေစွတ်ပြီးအကုန်ပျက်စီးသွားတာ၊ကွမ်းသီးပင်စိုက်ခင်တွေပါ အကုန်လဲကျပျက်စီးသွားတာ” ဟု ရွာသားတစ်ဦးဖြစ်သူ ဦးနူရူသွင်က ABN သို့ပြောသည်။

ရွာရှိ အိမ်များကို ရွာသားများ ဝိုင်ဝန်းပူးပေါင်းကာ ပြန်လည်ဆောက်လုပ်နေကြသော်လည်း ငွေကြေးအခက်အခဲများကြောင့် နေအိမ်များစွာ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ခြင်းမရှိ​သေးကြောင်း ရွာသားများက ပြောသည်။

ဝမ်းစာစုထားသည့်စပါး၊ မျိုးစပါးများနှင့် ကွမ်းသီးပင်စိုက်ခင်များပါ ပျက်စီးသွားသည့်အတွက် ရွာသားများမှာ စားဝတ်နေရေးအတွက် သာမက ကျန်းမာရေးနှင့် သားသမီးများ ပညာသင်ကြားရေးတို့အတွက်ပါ ငွေကြေးအခက်အခဲများဖြစ်နေကြရသည့်အတွက် အကူအညီများကို လာရောက်ထောက်ပံ့ပေးစေချင်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

“စပါးတွေအကုန်ရေစိုပြီး ပျက်စီးသွားတာ၊ ငွေရတဲ့ ကွမ်းသီးပင်စိုက်ခင်းတွေကလည်း အကုန်ကျိုးကျပျက်စီးသွားတာ၊ ခုက နေစရာရော့ စားစရာပါမရှိဘူး၊ ကလေးတွေ ပညာရေးနဲ့ကျန်းမာရေးအတွက်လည်း ငွေကမရှိတော့ အရမ်းအခက်အခဲဖြစ်နေကြတာ၊ အကူအညီ ပေးရေးအဖွဲ့တွေ ရွာက်ိုလာစေချင်တယ်” ဟုရွာသားတစ်ဦးဖြစ်သူ ဦးအာမောက်က ABN ကိုပြောသည်။

ပီပင်ရင်း(မူဆလင်)ရွာတွင် အိမ်ခြေ ၆၀၀ ခန့်ရှိသည့်အနက် ၄၀၀ နီပါးမှာ အကုန်ပျက်စီးသွားခြင်းဖြစ်သည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း လွတ်လပ်စွာကူညီရေးလုပ်ငန်များဆောင်ရွက်နိုင်အောင် အစိုးရက ကူညီဆောင်ရွက်ပေးစေလိုကြောင်းနှင့် ကူညီရေးများဆက်တိုက်ဆောင်ရွက်နေသူ ဆရာဝေဟင်အောင်ကို စစ်ကောင်စီက ဖမ်းစီးခြင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်များကို စကစက နှောင့်ရှက်သလိုမျိုးဖြစ်နေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူ အမည်မဖော်လိုသည့် ပရဟိတသမားတစ်ဦးက ABN သို့ပြောဆိုသည်။

မေလ ၁၄ရက်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်သူ ၁၁သိန်းကျော် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ကာ လူပေါင်း ၄၅၀ကျော်အထိသေဆုံးခဲ့ရသည်ဟု ရက္ခိုင့်တပ်တော် ၏လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး- HDCO က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်/ ရက္ခိုင်အမျိုးသားအဖွဲ့ကလည်း မုန်တိုင်းသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်နေသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ