Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မာန်အောင်တွင် ရွာ ၃ ရွာကို စစ်ကောင်စီက အိမ်တိုင်းစေ့ ဝင်စစ်ဆေး

မာန်အောင်တွင် ရွာ ၃ ရွာကို စစ်ကောင်စီက အိမ်တိုင်းစေ့ ဝင်စစ်ဆေး

AB News – ဒီဇင်ဘာ ၂၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မာန်အောင်တွင် ရွာ ၃ ရွာကိုစစ်ကောင်စီက အိမ်တိုင်းစေ့ဝင်စစ်ဆေးပြီး ပြည်သူပိုင်ပစ္စည်းများ ကို မွှေနှောက်သွားခဲ့ကြောင်း သတင်း ရရှိသည်။

စစ်ကောင်စီအဖွဲ့ အင်အား ၃၀ ကျော်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက် ည ၉ နာရီအချိန်တွင် လက်နက်ခဲယမ်းအပြည့်ဖြင့် ရွာ ၃ ရွာသို့ ဝင်ရောက်လာခဲ့ပြီး ဒေသခံပြည်သူများ၏အိမ်ပေါ်သို့တက်ကာ ပစ္စည်းအချို့ကို မွှေနှောက်သွားခဲ့သည်။

မာန်အောင်မြို့နယ်ရှိ ကုန်းတန်း၊ ဇီးတော၊ ဗျိုင်းကျွန်း ကျေးရွာတို့တွင် စကစအဖွဲ့ အိမ်တိုင်းစေ့ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းရွာများမှာ မာန်အောင်မြို့နှင့် ၃ မိုင်ခန့်သာကွာဝေးကြောင်း သိရသည်။

စစ်ကောင်စီ၏ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုကြောင့် ဒေသခံပြည်သူများကြောက်လန့်ပြီးထွက်ပြေးခဲ့ရသည့်အပြင် လက်ရှိအချိန်ထိ အိမ်ပြန်မရောက်ကြသေးသူများလည်းရှိနေသေးကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့က အိမ်တိုင်းစေ့စစ်ဆေးသည့်အပြင် ဇီးတောရွာမှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကိုလည်း ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“စကစတွေက အိမ်တွေအားလုံးကို စစ်ဆေးတယ်၊ ပြီးတော့ အုပ်ချုပ်ရေးမှူးဟောင်းကိုလည်း မေးမြန်းတာတွေရှိတယ်၊ ထွက်ပြေးတဲ့သူကထွက်ပြေးကြတယ် “ဟု ဆိုသည်။

စစ်ကောင်စီသည် အချိန်မတော် ဝင်ရောက်စစ်ဆေးမှုကြောင့် ကျေးရွာအတွင်းမှ ပြည်သူအချို့ နီးစပ်ရာ ဆွေမျိုး အိမ်တို့တွင် တိမ်းရှောင်လျက်ရှိသည်။

မာန်အောင်ဖက်တွင် စစ်ရေးအရ လှုပ်ရှားလာခြင်းနှင့် ပြည်သူများအား အဓမ္မဖမ်းဆီးမှုများပြုလုပ်လာလျှင် စစ်ရေးဖက်သို့ ဦးတည်သွားနိုင်သည်ဟု ယူဆကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

“မာန်အောင်ကျွန်းကသူတွေက အေးဆေးနေတတ်သူတွေဖြစ်ပါတယ်၊ တကယ်လို့ စကစက စစ်ရေးအရလှုပ်ရှားလာတာတွေ၊ ပြည်သူတွေကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာတွေ ပိုလုပ်လာရင် စစ်ပွဲကို ဖိတ်ခေါ်တာနဲ့ တူတယ် ” ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီက မာန်အောင်မြို့ အထွက်အဝင်များကို တင်းတင်းကြပ်ကြပ် စစ်ဆေးလျက်ရှိနေပြီး ပြည်သူများကိုလည်း ခြိမ်းခြောက်မှုများရှိလာကြောင်း ဒေသခံများမှတဆင့် သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် ည ၆ နာရီ ၃၀ မိနစ်မှ ၄၉ မိနစ်အထိ စကစ ဒရုန်း ၄ စီးသည် အနောက်မြောက်ဖက်မှနေပြီး အရှေ့တောင်ဖက်သို့ ၁၀ ကြိမ်ထက်မနည်း ကင်းထောက်မှုများပြုလုပ်နေကြောင်း သိရသည်။

မာန်အောင်မြို့မရဲစခန်းမှလည်း လက်နက်ကြီးများနေ့တိုင်းပစ်ခတ်လာသည့်အတွက်အကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ