Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မာန်အောင်တွင် စစ်ဖက်အသုံးပြုရန် လေယာဥ်ကွင်းကို စစ်ကောင်စီက အရေးပေါ် တိုးချဲ့ဆောက်လုပ်နေ

AB News -ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မာန်အောင်မြို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က စစ်ဘက်ဆိုင်ရာအသုံးပြုရန်အတွက် ယခင်လေယာဥ်ကွင်းကို ပေ ၅၅၀၀ နီးပါး အရေးပေါ် တိုးချဲ့ လုပ်ဆောင်လျက်ရှိကြောင်း AB News က စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် လေယာဥ်ကွင်းကို တိုးချဲ့လုပ်ကိုင်ရန်အတွက် ၂၀၁၈ ခုနှစ်ကပင် ပြည်သူပိုင်ခြံမြေ ဧက ၁၀၀ ကျော်ကို ဝယ်ယူခဲ့သည်။

ယခင်ရှိသည့် လေယာဥ်ကွင်းကို အရေးပေါ် တိုးချဲ့လုပ်ဆောင်လာသည်မှာ ၎င်းတို့၏ Jet fighter တိုက်လေယာဥ်၊ Mi -17 စစ်ထောက်ပို့လေယာဥ်၊ Y -12 ဗုံးကြဲလေယာဥ်တို့အပါအဝင် Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တို့ စစ်ဘက်ဆိုင်ရာအင်အားဖြည့်တင်းရန်အတွက် ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အတွင်းမှာ စစ်ကောင်စီအဖွဲ့က လေယာဥ်ကွင်း ပြေလမ်းကို ပေပေါင်းများစွာတိုးချဲ့လုပ်ကိုင်လာရုံသာမက ခြံစည်းရိုးကိုလည်း အမြင့်ပေ ၆ ပေအထိ အခိုင်အမာတည်ဆောက်ထားကြောင်း မာန်အောင်မြို့ခံ တစ်ဦးက AB News သို့ပြောသည်။

“လေယာဥ်ကွင်းကို ဧရိယာအများကြီးယူပြီးတည်ဆောက်ထားပါတယ်၊ ခြံစည်းရိုးကိုလည်း အမြင့် ၆ ပေထိယူထားပါတယ်၊ လေယာဥ်ကွင်းပတ်ပတ်လည်လည်ကို ခြံစည်းရိုးထိုးမယ်လို့သိရပါတယ်။ စစ်ကောင်စီအဖွဲ့ကလည်း လုံခြုံရေးယူထားမယ်” ဟု ဆိုကြောင်း ပြောသည်။

မာန်အောင်မြို့အား ရက္ခိုင့်တပ်တော်က  ဝင်တိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် စစ်ကောင်စီအဖွဲ့က လေယာဥ်ကွင်းကို အဓိကထားပြီး အပြင်းအထန်လုပ်ဆောင်လာနေပြီး လက်ရှိတွင် ပေ ၃၀၀ ကျော်ခန့်ပြီးနေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် မာန်အောင်မြို့မ အားကစားဘောလုံးကွင်းကိုလည်း စစ်ဘက်ဆိုင်ရာ အသုံးပြုရန်အတွက် ခြံစည်းရိုးများကို အခိုင်အမာတည်ဆောက်လျက်ရှိပြီး မြို့ကို ခံစစ်အဖြစ် ကာဗာယူထားကြောင်း ဒေသခံများထံမှတဆင့်သိရသည်။

အဆိုပါလေယာဥ်ကွင်းပြေးလမ်းမှာ  အလျား၊ အနံပေ ၅၅၀၀ ကျော်ရှိပြီး မာန်အောင်မြို့နှင့် ၃ မိုင်ခန့်သာကွာဝေးသည်။ မြို့  အဝင်၊ အထွက်တွင်လည်း ဂိတ်များကိုတိုးချဲ့ဆောက်လုပ်ထားပြီး စစ်ဆေးမှုပိုမိုတင်းကျပ်လာကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်မြောက်ပိုင်းရှိ စစ်ဗျူဟာကုန်းကြီးများ၊ စခန်းငယ်များစွာကို လက်လွှတ်ဆုံးရှုံးနေသလို တပ်ဖွဲ့ဝင်များအသေပျောက်များနေသည့်အတွက် တောင်ပိုင်းရှိ မြို့အချို့ကို အခြေကုတ်ယူရန် လက်နက်ကြီးအထိုင်ချစခန်းများနှင့်  လေယာဥ်ပြေးလမ်းများ ကို ပိုမိုလုပ်ဆောင်လျက်ရှိသည်။

မာန်အောင်မြို့တွင်းရှိ စစ်တပ်အရာရှိ သား၊မယားများကို ရန်ကုန်သို့ ရွှေ့ပြောင်းထားပြီး ၎င်းမြို့ကို လက်မလွှတ်စေရန် ခံစစ်ကိုအခိုင်အမာတည်ဆောက်လာနေသည့်အတွက် မြို့ခံပြည်သူများမှာလည်း စိုးရိမ်စိတ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

Website
www.arakanbaynews.com   

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်