Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မယူကမ်းတွင် ဒီရေနှင့် ကမ်းထောင်းထိန်း ဓနိ (အုန်း)ခင်းများပျက်စီး၍ ပြန်လည်ပြုပြင်ရန်ငွေကြေးလိုအပ်

ABN-ကိုဟိန်းထွန်း

ဇွန် ၂ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသအရှေ့ဖက်ခြမ်းရှိ ဇောပြင်ချောင်းတစ်လျှောက်ရှိသော ဒီရေနှင့်ကမ်းထောင်ထိန်း ဓနိခင်းများအားလုံးသည် မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သည့်အတွက် အရေးတကြီးပြုပြင်ရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း ABN မှ ကွင်းဆင်းလေ့လာချက်အရသိရသည်။

မယူကမ်းတစ်လျှောက်တွင် ပျက်စီးသွားခဲ့သည့် ဓနိပင်များသည် ၎င်းရွာသားများအတွက် ပြန်လည်ပြုပြင်နိုင်ရန် သက်ဆိုင်ရာများအနေဖြင့် ကူညီပေးရန်လိုအပ်ကြောင်း ပရဟိတသမား အရှင်သဘာဝနဒီက ABN သို့မိန့်သည်။

“အရမ်းပျက်စီးသွားပါတယ်၊ ဓနိပင်တွေကိုပြန်လည်ပြုပြင်နိုင်ဖို့ ရွာသားတွေလည်းမတတ်နိုင်တော့ဘူး၊ သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက လာရောက်ကူညီပေးဖို့လိုပါတယ်” ဟု မိန့်သည်။

လက်ရှိကာလပေါက်စျေးအရ ဓနိရွက် ၁၀၀ ကို ၂ သောင်းခွဲ၊ ၃ သောင်းခန့်ရှိနေပြီး အခြားဒေသများတွင် ၄ သောင်းကျော်ခန့်ရှိကြောင်းသိရသည်။

၎င်းဓနိပင်များသည် မယူကမ်းဒေသတွင် နေထိုင်သူများ၏အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဖြစ်ပြီး၊ မိုခါကြောင့်ထိခိုက်ပျက်စီးမှုများခဲ့သည့်အတွက် ပြန်လည်ပြုပြင်ရန် အခက်အခဲတွေ့နေရကြောင်း ဒေသခံတစ်ဦးက ABN သို့ ပြောသည်။

” ဓနိပင်တွေကိုမှိခိုပြီးအသက်မွေးဝမ်းကြောင်းပြုနေရတယ်၊ ပျက်စီးသွားတာလည်းအကုန်လုံးဆိုတော့ ပြုပြင်ရမှာက အရမ်းခက်ခဲတဲ့အလုပ်ဖြစ်တယ်၊ ပိုက်ဆံကအဓိကလိုအပ်နေပါတယ်” ဟုဆိုသည်။

အဆိုပါဓနိပင်များသည် မယူကမ်းဒေတွင်အများဆုံးပေါက်ရောက်ပြီး သဘာဝလေဒဏ်၊ဘေးဒဏ်မှလည်း ကာကွယ်ပေးကြောင်းသိရသည်။

ပျက်စီးသွားသည့် ဓနိပင်များကို အချိန်မှီမပြုပြင်လျှင် ပြန်စိုက်ရန် အချိန် ၅ နှစ်ခန့်ကြာမည်ဖြစ်ပြီး၊ ရခိုင်ပြည်နေရာအနှံ့အပြားတွင် ဓနိရှားပါးမှုကြောင့် ဈေးနှုနိးလည်း မြင့်တက်လာနိုင်ကြောင်း ရွာသားများက ပြောသည်။

“ဓနိပင်တွေကို အချိန်မှီပြုပြင်ချင်ပါတယ်၊ မပြုပြင်ဘူးဆိုရင် နောက် ၅ နှစ်လောက်အချိန်ကြာသွားနိုင်တယ်၊ ရခိုင်ဒေသတွေအများအပြားမှာ စျေးတွေအများကြီးတက်သွားမှာပါ၊ ရှားပါးတဲ့အခြေအနေနဲ့ရင်ဆိုင်ရမယ် ” ဟုဆိုသည်။

လက်ရှိအချိန်တွင် ၎င်းအပင်များ ကျိုးသွားခဲ့သည့်အတွက် ခုတ်လဲမည့်သူမရှိ၍ အချို့ရွာများတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် တပိုင်တနိုင် ရုန်းကန်နေရကြောင်းသိရသည်။

ဓာတ်ပုံ-Arakan Bay News/ကိုဟိန်းထွန်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ