Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မနွယ်သန္တာဝင်းသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး မသေမချင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ်ချမှတ်ခံထားရသည့် တရားခံမျိုးမြင့်ဇော်၏မိသားစုဝင်များက ULA ဥက္ကဌထံ အသနားခံစာတင်ထား

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂ ရက်

ရခိုင်ပြည်၊ မြို့တော်စစ်တွေ၏ မေယုလမ်းဘေး၌ရှိသော Luminous လူသုံးကုန်ပစ္စည်းအလှဆိုင်အထဲတွင် မနွယ်သန္တာဝင်းကို သတ်ဖြတ်ခဲ့သော တရားခံမျိုးမြင့်ဇော်အား မသေမချင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ်ချမှတ်ခံထားရသည့်အမှုကို ၎င်းတို့၏မိသားစုဝင်များက ပြစ်ဒဏ်လျော့ပေါ့စေရန် ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်၊ ULA ဥက္ကဌ ထံသို့ အသနားခံစာ တင်ထားကြောင်း သိရသည်။

မနွယ်သန္တာဝင်းသတ်ဖြတ်ခံခဲ့ရသည့် နောက်ဆုံးအဆင့် ရောက်ရှိနေသော တရားခံဖက်မှ ပြစ်ဒဏ်လျော့ပေါ့ခြင်းပေးရန် ရက္ခိုင့်တပ်တော်၊ ULA/ဥက္ကဌထံသို့ အသနားခံစာတင်ခြင်းနှင့် ပတ်သက်ပြီး အချိန်မည်မျှကြာမည်ကို မပြောနိုင်သည့်အပြင် ဥက္ကဌ၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေကြောင်း ULA/AA ၏ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ABN သို့ အတည်ပြုပြောသည်။

“နွယ်သန္တာဝင်းသတ်ဖြတ်ခံထားရတဲ့အမှုနဲ့ပတ်သက်လို့ အခုလက်ရှိနောက်ဆုံးရောက်ရှိနေတဲ့အဆင့်တော့ခါ ကျနော်တို့ ဒီ ULA/AA ဥက္ကဌ ဆီကို ပြစ်ဒဏ်လျော့ပါးပေးဖို့အတွက် နောက်ဆုံးအသနားခံစာတင်ပြထားတဲ့အဆင့်ကိုရောက်နေပါတယ်၊ ဒါကြောင့် ပြစ်ဒဏ် လျော့ပါးပေး၊ မပေးဆိုတာနဲ့ အချိန်ဘယ်လောက်ထိကြာမယ်ဆိုတာကတော့ အဖွဲ့ချုပ်ဥက္ကဌ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်သွားမယ် ” ဟု ဆိုသည်။

Luminous ဆိုင်၏ မန်နေဂျာဖြစ်သော ဦးမျိုးမြင့်ဇော်သည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းကို မေယုလမ်း အနီးရှိ ပလက်စတစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ထဲ၌ အလုပ်လုပ်ကိုင်နေသည့်အချိန်အတွင်း ဓားဖြင့် ထိုးသတ် ခဲ့သည့်အတွက် ကြောင့် ၎င်းအမှုကို ဆေးစစ်ဆေးချက်များပြုလုပ်ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ခဲ့ကာ တရားခံ မျိုးမြင့်ဇော်အား၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ)အရ မသေမချင်းကြိုးကွင်းစွပ်ပြီး သေဒဏ်ပေးရန် ULA/AA ၏တရားရေးဌာနက ချမှတ်ခဲ့ကြောင်းတွေ့ရသည်။

ထိုအမှုနှင့် ပတ်သက်ပြီး တရားသူကြီး ၁ ပါးတည်းဖြင့် ကြားနာသည့် နယ်မြေတရားရုံး၊ တရားသူကြီး ၂ ပါးဖြင့် ကြားနာသည့် ဒေသတရားရုံး၊ တရားသူကြီး ၃ ပါးဖြင့်ကြားနာသည့် ဗဟိုတရားရုံး ( စုံညီခုံရုံး ) မှတရားရေးဌာန၏လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးပြီးဖြစ်၍ တရားရေးဌာနက ကြားနာလုပ်ဆောင် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ဦးခိုင်သုခထံက သိရသည်။

တရားရုံးအဆင့်ဆင့်မှာ တရားခံကို ပြစ်ဒဏ်အမိန့်ချမှတ်ထားသည်မှာ မသေမချင်းကြိုးကွင်း​စွပ်သတ်စေ ပြစ်ဒဏ်ကို အတည်ပြုထားကြောင်းတွေ့ရသည့်အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ)ရထောင် ၇ နှစ်အထိချမှတ်နိုင်သည့်ပုဒ်မအမျိုးအစားဖြစ်ပြီး လူသတ်မှုဆက်ပြီး ကျူးလွန်လျှင် သေဒဏ် နှင့်ငွေဒဏ် ၂ မျိုးချမှတ်နိုင်ကြောင်း တည်ဆဲဥပဒေတွင် ဖော်ပြထားကြောင်း ဦးခိုင်သုခကဆက်ပြောသည်။

အဆိုပါပြစ်မှုမှာ တရားခံသည် မုဒိန်းကျင့်ရန်ကြိုးစား အားထုတ်ခဲ့သည်ကို သူ၏တရားရုံးအဆင့်ဆင့်မှာ သက်သေထွက်ဆိုချက်များ၊ တရားခံ၏ဖြောင့်ချက်များမှာ တိတိကျကျပေါ်ပေါက်နေကြောင်းတွေ့ရပြီး မုဒိန်းကျင့်ရန်ကြိုးစားနေစဥ်မှာ လူသတ်မှုဆက်ပြီးကျူးလွန်ခဲ့လျှင် ပုဒ်မ ၃၇၆ ၊ ၅၁၁ ပေါင်း၍ ၃၀၂ (၁) (ဂ)အရ မသေမချင်းကြိုးကွင်းစွပ်သတ်ရန် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ဆက်၍ ပြောသည်။

“အခုပြစ်မှုမှာလည်း တရားခံက မုဒိန်းကျင့်မှုကြိုးစားအားထုတ်ခဲ့တယ်ဆိုတာကို သူ့ရဲ့တရားရုံးအဆင့်ဆင့်မှာ သက်သေထွက်ဆိုချက်တွေ၊ တရားခံရဲ့ဖြောင့်ချက်တွေအရ လုံးဝတိတိကျကျဖော်ပြနေတာဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ သူကမုဒိန်းကျင့်ဖို့ကြိုးစားစဥ်မှာ လူသတ်မှု ကျူးလွန်တာဖြစ်ပါတယ်၊ မုဒိန်းကျင့်ဖို့ကြိုးစားတာက ပုဒ်မ (၃၇၆) ( ၅၁၁ )ဖြစ်ပါတယ်၊ ဒါကြောင့် မုဒိန်းကျင့်ဖို့ကြိုးစားတာနဲ့ လူသတ်မှုကျူးလွန်တဲ့ပုဒ်မ ၃၀၂ ကိုပေါင်းလို့ ပုဒ်မ ၃၀၂ (၁)(ဂ)အရ သူ့ကိုဥပဒေနဲ့အညီ သတ်မှတ်ထားတဲ့ မသေမချင်းကြိုးကွင်းစွပ်သတ်စေ ဆိုတဲ့ပြစ်ဒဏ်ကို ချမှတ်ထားတာ ဖြစ်တယ် “ဟု ဆိုသည်။

ကျူးလွန်သူနှင့် သံသယရှိသူ ၃ ယောက်ကို ULA/AA မှနေပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးမေးမြန်း စုံစမ်းဖော်ထုတ်ခဲ့ရာ တရားခံမျိုးမြင့်ဇော်က အမှန်တကယ်ကျူးလွန်ကြောင်း ဝန်ခံခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ နက်နေ့တွင် သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုခဲ့ကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် တရားခံအား စွဲချက်တင်ခဲ့ကြောင်း သိရသည်။

မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည့် မောင်မျိုးချစ်စိုးမှာ ပြစ်မှုထင်ရှားခြင်းမရှိသည့်အတွက်ကြောင့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ