Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား၊ မြောက်ဦးမြို့နယ်တို့တွင် ဒီရေ ကျသွားသော်လည်း ရွာပေါင်း ၄၀ ကျော်မှ စာသင်ကျောင်းများကို ဆက်လက်ပိတ်ထားရဆဲ

မင်းပြား၊ မြောက်ဦးမြို့နယ်တို့တွင် ဒီရေ ကျသွားသော်လည်း ရွာပေါင်း ၄၀ ကျော်မှ စာသင်ကျောင်းများကို ဆက်လက်ပိတ်ထားရဆဲ

ABN-ရှိုင်းမိုး

သြဂုတ် ၉ရက်

မင်းပြား၊ မြောက်ဦးမြို့နယ်တို့တွင် ဒီရေ ၄ပေခန့် ကျသွားသော်လည်း ရွာပေါင်း ၄၀ ကျော်မှ စာသင်ကျောင်းများကို ဆက်လက်ပိတ်ထားရဆဲဖြစ် သည်ဟုသိရသည်။

သြဂုတ်လ ၄ရက်နေ့မှစ၍ ဒီရေစတတ်လာသောကြောင့် မြောက်ဦးမြို့နယ် လေးမြို့ချောင်းအထက်ရှိရွာများ ၂၀ ကျော်မှ ကျောင်းများကို ပိတ်ထားခဲ့ရသည်ဟု သိရသည်။

လေးမြို့ချောင်းအောက်ဖက်မှ ရောမနီရွာအပါဝင် ရွာပေါင်း ၁၀နီးပါးများရှိ ကျောင်းများကိုလည်း ပိတ်ထားရသည်ဟု ဆင်အိုကြီးရွာမှ အုပ်ချုပ်ရေးမှူးကပြောသည်။

“ရေကကျသွားပါတယ်၊ ဒါပေမယ့် ကလေးတွေကျောင်းတတ်လို့အဆင်မပြေသေးဘူး၊ ရေက ကုန်းနိမ့်ဘက်တွေမှာဆိုရင် ၂ပေနီးပါးကျန်သေးတယ်၊ ကုန်းမြင့်ပိုင်းမှာဆိုရင် ၁ ပေကျော်လောက်ရှိသေးတယ်၊ ဒီနေ့မနက်က ရေကျသွားတယ်၊ ဒါပေမယ့် မြစ်ရေတက်ချိန်ဆိုရင် နည်းနည်းထပ်တိုးသေးတယ်” ဟုပြောသည်။

မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့ကြားရှိ ရွာပေါင်း ၁၀ ကျော်မှ စာသင်ကျောင်းများကိုလည်း ပိတ်ထားရသေးသည်ဟု ကုလားမတောင် အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းကABNသို့​ပြောသည်။

” ရွာမှာရေက ၂ပေကျော်လောက်ကျန်နေသေးတယ်၊ ရေ ၆ပေလောက်တက်တယ်၊ ကျောင်းတွေပြန်ဖွင့်ဖို့အဆင်မပြေသေးဘူး၊ ရေလုံးဝကျသွားဖို့လိုပါတယ်၊ ဘာလို့ဆိုရင် ကလေးတွေက ရေမြင်ရင်ဆော့ချင်ကြတယ်၊ သူတို့တွေအတွက် အန္တရာယ်ရှိနိုင်တယ်” ဟု၎င်းကပြောသည်။

မြောက်ဦးမြို့နယ် မြောင်းဘွေရွာတွင်လည်း ကျောင်းများကိုဆက်လက်ပိတ်ထားရန်လိုအပ်ကြောင်း ၎င်းရွာ၏ အုပ်ချုပ်ရေးမှူး မောင်သောင်းရွှေကပြောသည်။

“ရေကျသွားရင်လည်း ကျောင်းတက်လို့အဆင်ပြေမှာမဟုတ်သေးဘူး၊ ကျောင်းကိုသေချာဆေးကြောရမယ်၊ မဟုတ်ရင် ခြင်တွေပွားလာနိုင်တယ်၊ ကလေးတွေကျန်းမာရေးအတွက်လည်း ကြည့်ရမယ်၊ အခုရာသီက ငှက်ဖျားဖြစ်ချိန် ဒါကြောင့် သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်” ဟုပြောသည်။

ရခိုင်တွင် ဇူလိုင်လ ၃၁ ရက်နေ့ကမုန်တိုင်းငယ်တိုက်ခတ်သွားသောကြောင့် မောင်တော၊ တောင်ကုတ်မြို့နယ်တို့တွင်လည်းရေကြီး၍ စာသင်ကျောင်းများကိုပိတ်ထားရသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ