Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမှ ဒုပညာရေးမှူးကို စစ်တွေတွင် ၁၇ (၁) ဖြင့် တရားစွဲတင်

ရခိုင်ပြည် မင်းပြားမြို့နယ် ဒုပညာရေးမှူး ဦးတင်မျိုးဇော်ကို ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်တွေ ပြည်နယ်တရားရုံးတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲတင်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

မင်းပြားမြို့နယ် ဒုပညာရေးမှူး ဦးတင်မျိုးဇော်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့က စစ်တွေ ပြည်နယ်ပညာရေးမှူးရုံးက လာရောက်ဖို့ ခေါ်ယူခဲ့ပြီး စစ်တွေမြို့ အရောက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပညာရေးရပ်ဝန်းက သိရသည်။

ဒုပညာရေးမှူး ဦးတင်မျိုးဇော်အား ရက္ခိုင့်တပ်တော်ကို ငွေကြေးထောက်ပံ့ရန် ဆရာ/မများ၏ လစာငွေမှ လစဥ်ကြေး ၅၀၀၀ ကျပ်စီဖြတ်၍ ကောက်ခံသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဆရာတစ်ဦးကဆိုသည်။

လာမည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တရားရုံးတင် စစ်ဆေးမည်ဖြစ်ပြီး၊ လက်ရှိအချိန်တွင် ဦးတင်မျိုးဇော် (ဒုပညာရေးမှူး) အား စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် ချုပ်ထားကြောင်း သိရသည်။

ပညာရေးဝန်ထမ်းဆရာ/မတွေဆီက လစဥ် တလလျင် ၅၀၀၀ ဖြတ်သည်မှာ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီနိုင်ရန် ဖြတ်ထားခြင်း ဖြစ်ပြီး မင်းပြားမြို့နယ် တစ်ခုတည်းသာ ဖြတ်ခြင်း (ကောက်ခံခြင်း) မဟုတ်ကြောင်းနှင့် သဘောမတူလျင်လည်း မကောက်ခံကြောင်း ဆရာတစ်ဦးက ABN ကို ပြောသည်။

“ငွေ ၅ ထောင်က ရခိုင်ပြည်နယ်ရဲ့ အခြေအနေအရ စစ်ဘေးရှောင်တွေကို ကူညီဖို့ ကောက်တာပါ၊ ဒီနေရာမှာ သဘောမတူဘူး စေတနာ မရှိဘူးဆိုရင်လည်း မထည့်လည်းရပါတယ်။ စေတနာအပေါ် မူတည်တာပါ။ ဒီအတွက် အားလုံး သဘောတူညီပြီး လုပ်ခဲ့ကြတာပါ။ အေအေအတွက် ဘာညာ မဟုတ်ပါဘူး” ဟု ဆရာတစ်ဦးက ပြောပြသည်။

ဤအမှု၌ စစ်ကောင်စီတပ်ဖက်မှ ဗိုလ်ကြီးပြည့်စုံ ဆိုသူက တရားလို တရားစွဲဆိုထားပြီး လိုပြသက်သေ ၇ ဦးလောက်ထိ (ပညာရေးဝန်ထမ်း) ပါဝင်ကြကြောင်းသိရသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) သည် ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသော ထောင်ဒဏ် ငွေဒဏ် ၂ ရပ်လုံးကို ခံရနိုင်သည်ဟု တည်ဆဲဥပဒေက ပြဌာန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ