Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ် အဝေးပြေး ကားလမ်းမပေါ် ကား ၂ စီး တိုက်မှုဖြစ်၊ အစိုးရဝန်ထမ်း ၁ ဦး ဆေးရုံတင်ထားရ

မင်းပြားမြို့နယ် အဝေးပြေး ကားလမ်းမပေါ် ကား ၂ စီး တိုက်မှုဖြစ်၊ အစိုးရဝန်ထမ်း ၁ ဦး ဆေးရုံတင်ထားရ

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ မင်းပြားမြို့နယ် အဝေးပြေးကားလမ်းမပေါ်တွင် ဧပြီလ ၂၁ ရက်နေ့က စကစအစိုးရဝန်ထမ်း Pajero အိမ်စီးကား နှင့် ဝက်တင်လာသည့် ကုန်ကားတို့ မျက်နှာချင်းဆိုက်တိုက်မိခဲ့ရာ အိမ်စီးကား လွင့်စင်သွားပြီး ကားတွင်ပါလာသည့်အစိုးရဝန်ထမ်း ၁ ဦး ဆေးရုံတင်ထားရကြောင်းသိရသည်။

ကားတွင်ပါလာသူများထဲမှာ Pajero အိမ်စီးကားတွင်ပါလာသည့် စကစဝန်ထမ်း ၁ ဦးတွင် ဦးခေါင်းကွဲသွား၍ ဆေးရုံတင်ကုသထားရကြောင်း မျက်မြင် ၁ ဦးကပြောသည်။

“ကား ၁ စီးမှာ လူ ၃ ယောက်စီပါတယ်၊ စုစုပေါင်း ၆ ယောက်ဖြစ်တယ် ၊ ၁ ယောက်က ခေါင်းနောက်က သွေးစီးသွားတယ်၊ ဆေးရုံတင်ထားရတယ်၊ကျန်တဲ့လူတွေကတော့ ဒဏ်ရာ အနည်းငယ်စီ ရသွားတယ်” ဟု ဆိုသည်။

ဝက်တင်ကားသည် အမ်းဖက်မှ မြောက်ဦးသို့လာသည့်ကားဖြစ်ပြီး Pajero အိမ်စီးကားမှာ မင်းပြားဖက်မှ အမ်းဖက်သို့အသွားတွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကာ ကားခေါင်းများပြိုထွက်သွားခဲ့၍၂ စီးစလုံးလွင့်ထွက်သွားခဲ့ကြောင်း မင်းရွာနေ ဒေသခံ ၁ ဦးက ABN သို့ပြောသည်။

“ဝက်တင်ကားက အကြီးပါ၊ အမ်းဖက်က မြောက်ဦးဖက်ကိုလာတယ်၊ နောက်တစ်စီးက မင်းပြားဖက်က အမ်းဖက်ကိုသွားတယ်၊ ကားက အရှိန်မထိန်းနိုင်လို့ ၂ စီးစလုံးမျက်နှာချင်းဆိုင်တိုက်မိတယ်၊ ကားခေါင်းတွေ ပျက်စီးသွားပြီး အဝေးကိုလွင့်ထွက်သွားတယ်” ဟု ဆိုသည်။

ဒဏ်ရာရရှိသူ စကစဝန်ထမ်း ၁ ဦးကို မင်းပြားမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ခဲ့ကြောင်းသိရသည်။

ဝက်တင်ကားတွင် ဝက်ကောင်ရေ ၂၀ ကျော်ပါပြီး ၎င်းထဲမှ ဝက် ၃ ကောင်မှာ နေပူချိန်ကြောင့်သေဆုံးသွာခဲ့ကြောင်း သိရသည်။

ထိုကား ၂ စီးကို တိုက်မိသည့် နေရာတွင်ပင် ဆက်လက်ထားရှိကြောင်း သိရပြီး အမှုကို သက်ဆိုင်ရာ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့က စိစစ်ဆောင်ရွက်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ