

ABN-ရှိုင်းမိုး
အောက်တိုဘာ ၂၂ရက်
မင်းပြားမြို့ရှိ ကြပ်စင်တံတားပေါ်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်မှောက်၍ပွဲချင်းပြီး သေဆုံးသွားသည်ဟု သိရှိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာလ ၂၁ရက်နေ့ ညဥ့် ၉နာရီကျော်အချိန်က မင်းပြားမြို့နယ် ကျားပိုက္ကေရွာဖက်မှ သူငယ်ချင်းများကို လိုက်ပို့၍ ပြန်လာစဥ်
ကြပ်စင်တံတားပေါ်တွင် မှောက်သွားခဲ့သည်ဟုသိရသည်။
ဆိုင်ကယ်မှောက်၍သေဆုံးသူမှာ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှအဖဦးမောင်မောင်၏သား အသက် ၂၆နှစ်အရွယ် ဦးမျိုးနိုင်ဝင်းဖြစ်ကြောင်းသိရှိရသည်။
ဦးမျိုးနိုင်ဝင်သည် ကျားပိုက္ကေရွာဖက်မှ မိမိနေအိမ်သို့ပြန်လာချိန်တွင် ကြပ်စင်တံတားပေါ်ရောက်သောအခါ အရက်မူးလွန်ကာဆိုင်ကယ်(Speed)
ကိုမထိမ်းနိုင်သောကြောင့် တံတား၏အုတ်ဘောင်ကိုတိုက်မိကာ ၎င်းနေရာ၌ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း မျက်မြင်သက်သေတစ်ဦးကပြောသည်။
“အရက်ကမူးနေတယ်၊ ဆိုင်ကယ်လည်းပြင်းပြင်းမောင်းလာတယ်၊အဲဒီတံတားပေါ်ရောက်တော ဆိုင်ကယ် (Speed)ကို မထိမ်းလိုက်နိုင်ဘူးနဲ့တူပါတယ်၊ ဒါနဲ့တံတားဘေးက အုတ်ဘောင်ကိုတိုက်မိတာနဲ့ မှောင်းလဲသွားတယ်၊ အဲဒီနေရာမှာပဲ ပွဲချင်းပြီးသေသွားပါတယ်” ဟုဆိုသည်။
သေဆုံးသူ၏ ရုပ်အလောင်းကိုမျက်မြင်သက်သေများက ဇနီးဖြစ်သူအားအကြောင်းကြား၍ မင်းပြားရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
အောက်တိုဘာလ ၇ရက်နေ့ကလည်း မင်းပြားမြို့ပေါ်ရှိ စျေးဟောင်းပိုင်းရပ်ကွက်နှင့်မြို့သစ်ရပ်ကွက်ကြားတွင် ဆိုင်ကယ်မှောက်၍ ကျောင်းဆရာတစ်ဦးသေဆုံးခဲ့သည်။