Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ

မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ

AB News – ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် တစ်ခုတည်းသာ ကျန်ရှိနေသေးသည့်  စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အခြားမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်” ဟုဖော်ပြထားသည်။

မင်းပြားမြို့နယ်၊ မေလွန်းရွာအနီး၌ ရှိသော ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်းဟု ခေါ်သောတိုင်းဗဟို ၉ လေ့ကျင့်ရေးသင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စောစီးစွာ လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော်က ထပ်မံသတိပေးသည်ကို တွေ့ရှိရသည်။

“လိမ္မာပါးနပ်သော စစ်ကောင်စီ၏ တပ်မှူးများကြောင့် လက်အောက်ငယ်သားများ အသက်ချမ်းသာရာရသည်ကို ရှမ်းမြောက်တွင်သာမက ရက္ခိုင်ဒေသများတွင် တွေ့မြင်နေရသည်မှာ ဒုနဲ့ဒေးပင်ဖြစ်သည်။ ထို့ကြောင့် လက်နက်ချ အညံ့မခံသော စခန်းများကိုလည်း ထိုးစစ်မစတင်မီကပင် လက်နက်ချအညံ့ခံကြရန် မိမိတို့အနေဖြင့် အသိပေးထားပြီး ဖြစ်သည်။ သို့သော် လက်နက်ချအညံ့မခံသော တပ်မှူးများကြောင့် လက်အောက်ငယ်သားများ၏ အသက်မှာ မသေသင့်ဘဲ သေဆုံးခဲ့ကြရပြီး မိသားစု၊ ဆွေမျိုးများနှင့် မည်သည့်အခါမှ ပြန်မဆုံနိုင်သော ဘဝမျိုးသို့ရောက်ရှိကြသည်” ဟုထုတ်ပြန် သတိပေးထားသည်။

မင်းပြားမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ခမရ ၅၄၁​၊ ခမရ ၃၇၉၊ ခမရ ၃၈၀ တပ်ရင်းများကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ