Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ဒီရေကျသွားသော်လည်း လယ်ကွင်းများဆက်လက် ရေ မြုပ်နေဆဲဟုသိရ

ABN-ရှိုင်းမိုး

သြဂုတ် ၉ရက်

မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် သြဂုတ်လ ၄ရက်နေ့မှစ၍ ဒီရေတနေ့ထက်တနေ့ပို၍ မြင့်တတ်လာသောကြောင့် ရွာပေါင်း ၅၀ ကျော်ရေမြုပ်သွားခဲ့ပြီး စပါးစိုက်လယ်ကွင်းများအားလုံး လုံးဝရေနစ်မြုပ်နေသည်ဟုသိရသည်။

သြဂုတ်လ ၉ရက်နေ့နံနက်စောစောပိုင်းအချိန်မှစ၍ ရေကျသွားသော်လည်း စပါးစိုက်ထားသည့် လယ်ကွင်းများတွင် ဆက်လက် ရေမြုပ်နေဆဲဖြစ်သောကြောင့် စပါးများဆုံးရှုံးပျက်စီးမှုများလာနိုင်သည်ဟု မြောင်းဘွေရွာမှအုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေကပြောသည်။

” ရေက ကျသွားပါတယ်၊ ရွာထဲမှာဆိုရင် ၇ပေလောက်တက်ခဲ့ပါတယ်၊ မြေမြင့်ပိုင်းမှာဆိုရင် ၄ပေနီးပါးတတ်တယ်၊ အခုတော့ ကျသွားပါပြီ၊ ရေက ၁ ပေနီးပါးပဲရှိတော့တယ်၊ ရွာထဲမှာပျက်စီးသွားတာမျိုးသိပ်မရှိဘူး၊ ဒါပေမယ့် စပါးပင်တွေတော့ ဘာမှမပေါ်သေးဘူး” ဟုပြောသည်။

စပါးပင်များ ရေမပေါ်သေးသောကြောင့် ပျက်စီးဆုံးရှုံးမှုအရေအတွက်ကို သေချာမပြောနိုင်သေးဟု၎င်းကပြောသည်။

စပါးပင်အများစုသည် ရေထဲ၌ မြုပ်နေသည်မှာ ၅ရက်ကျော် ၆ရက်နီးပါးရှိသည့်အတွက် ထိုစိုက်ခင်းများမှစပါးပင်များသည် ပုတ်၍လုံးဝအဖတ်ဆယ်မရသည့်တိုင်အောင် ပျက်စီးသွားသည်ဟု ၎င်းကဆက်ဆိုသည်။

အလားတူ မင်းပြားမြို့နယ် နဒင်ရွာဟောင်း၊ ပန်းမြောင်းရွာ၊ အသေကာလရွာ၊ ကုလားမတောင်ရွာ၊ မင်းဖူးရွာအပါဝင်တခြားရွာများတွင်လည်း စပါးခင်းများရေထဲတွင် ဆက်လက်မြုပ်နေဆဲဟု ပန်းမြောင်းရွာမှ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြောသည်။

“ရွာက မြေမြင့်လို့ ရေသိပ်မရောက်ဘူး၊ ဒါပေမယ့် စပါးခင်းတွေတော့ပျက်စီးသွားတယ်၊ ခုထိရေထဲကမပေါ်သေးဘူး၊ ရေမြုပ်တဲ့ရွာတွေမှာဆိုရင် စပါးခင်းတွေပျက်စီးတာတော့ ပြောစရာမလိုတော့ဘူး၊ ဒီနှစ်ဘယ်လိုလုပ်ရမလဲ လယ်သမားတွေလည်းစိတ်ပျက်နေကြတယ်” ဟု ၎င်းကပြောသည်။

နဒင်ရွာဟောင်းထဲမှ ၁ ပေကျော် ၂ ပေနီးပါး ရေကျသွားသော်လည်း မြေနိမ့်ပိုင်းတွေမှာ ရေဆက်လက်ရှိနေဆဲဟု နဒင်ရွာဟောင်းမှ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းမောင်ကပြောသည်။

“ကျွန်နော်တို့ရွာထဲမှာက ရေသိပ်မရှိတော့ဘူး၊ ၂ပေ လောက်ပဲကျန်တော့တယ်၊ ရွာထဲမှာက လူနေအိမ်တွေ ရေမြုပ်တဲ့အိမ်ရှိတယ်၊ ဒါပေမယ့် ပျက်စီးမှုကသိပ်မရှိဘူး၊ ရွာဦးက ရေကန် ၁ ကန်တည်း ရေဝင်သွားတယ်၊ ဒါပေမယ့် အဲဒီရေကန်က ရေကိုရွာသားတွေသိပ်မသုံးကြဘူး၊ တခြား ရေကန်တွေကတော့ ဘာမှမဖြစ်ပါဘူး၊ စပါးခင်းတွေကတော့ ဘာမှမသိရသေးဘူး၊ ရေထဲမှာပဲရှိနေသေးတယ်” ဟုပြောသည်။

မင်းပြားမြို့နယ်တွင် ရေကျသွားသော်လည်း စပါးခင်းလယ်ကွင်းများရေထဲတွင် ဆက်လက်ရှိနေပြီး၊ မြို့ပေါ်ရပ်ကွက်တချို့တွင်လည်း ရေအနည်းငယ်ရှိနေသေးသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ