Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် အမျိုးသမီး ၁ ဦး ဟင်းစားငါးရှာနေစဥ် ဝက်ရူးပြန်ရောဂါဖြင့် ရေနစ်သေဆုံးမှုဖြစ်

ABN-ရှိုင်းမိုး

သြဂုတ် ၂၉ရက်

​သြဂုတ်လ ၂၈ရက်နေ့က မင်းပြားမြို့နယ်တွင် အမျိုးသမီး ၁ ဦးသည် ယက်သဲ့ဖြင့် ချောင်းထဲ၌ ဟင်းစား ငါး ပုဇွန်ရှာနေစဥ် ဝက်ရူးပြန်ရောဂါထဖောက်သောကြောင့် အမျိုးသမီး ၁ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ မင်းပြားမြို့နယ် တုတ်ပင်လယ်ရွာမှ အသက် ၂၈ နှစ်အရွယ် မဝင်းနုဖြစ်ကြောင်းသိရသည်။

သူမသည် သြဂုတ်လ ၂၈ရက်နေ့ နေ့လည် ၁၂နာရီကျော်အချိန်က ရွာအနီးချောင်းတွင် ယက်သဲ့ဖြင့် ငါး ပုဇွန်ရှာရန် ၎င်းနေအိမ်မှ ထွက်သွားပြီး ညနေ ၅နာရီကျော်အချိန်ထိ နေအိမ်သို့မရောက်ရှိသောကြောင့် မိခင်ဖြစ်သူမှာ ရွာအုပ်ချုပ်ရေးမှူးအား အကြောင်းကြားခဲ့သည်ဟုသိရသည်။

တုတ်ပင်လယ်ရွာ အုပ်ချုပ်ရေးမှူးသည် ရွာသားများနှင့် မဝင်းနုအား ရွာနားချောင်းတွင် ရှာဖွေခဲ့ကြကြောင်း အုပ်ချုပ်ရေးမှူးဦးအောင်သိန်းနုက ပြောသည်။

“သူ့အမေ ပြောတာက ၁၂နာရီလောက်က ထွက်သွားတယ်ပြောတယ်၊ ၅ နာရီရှိလို့အိမ်ပြန်မရောက်လို့စိတ်ပူတယ်ဆိုပြီး ကျနော့်ကို တိုင်ကြားလာပါတယ်၊ သူက ဝက်ရူးပြန်ရောဂါရှိတယ်၊ ဒါကြောင့် သူ့အမေက စိတ်မချတာ၊ ကျွန်တော်လည်း ရွာသားတွေကိုခေါ်ပြီး ရှာဖွေဖို့လုပ်တယ်” ဟုဆိုသည်။

ရွာသား ၃၀ ကျော် ၄၀ နီးပါးခန့် ဝိုင်းဝန်းရှာကြသော်လည်း သူမကိုမတွေ့ဘဲ သူမနှင့်အတူပါသွားသည့် ယက်သဲ့ကိုသာတွေ့ရှိပြီး၊ သူမကိုမတွေ့ရှိခဲ့ဟုသိရသည်။

ညည့် ၁၀ နာရီကျော်အချိန်ထိ ရွာသားများက ထိုချောင်းထဲတွင် မြှားဖြင့်ပစ်၍ ရှာကြသောကြောင့် သူမ၏အဝတ်စကို မြားဖောက်ခဲ့ရာမှ တွေ့ရှိခဲ့သည်ဟု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းနုကဆက်ပြောသည်။

“ပထမတော့ သူ့မ ပုဇွန်ရှာတဲ့ ယက်သဲ့ကိုတွေ့တယ်၊ သူ့ကိုမတွေ့ဘူး၊ ညည့် ၁၀ နာရီလောက်ရှိပြီထင်တယ်၊ ရွာသားတွေက မြှားနဲ့ချောင်းထဲကိုပစ်ပြီးရှာကြတယ်၊ အဲဒီအချိန်မှာ သူ့မအင်္ကျီစကို မြှားထိမိတယ်” ဟုဆိုသည်။

မဝင်းနုသည် ဝက်ရူးပြန်ရောဂါရှိသူတစ်ဦးဖြစ်သော်လည်း မိခင်နဲ့ ညီမဖြစ်သူကို ရှာဖွေကျွေးမွေးနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

သူမ မသေဆုံးမီ တရက်တွင်လည်း ပုဇွန်သွားရှာခဲ့ပြီး ရလာတဲ့ ပုစွန်များကို ရောင်း၍ မိခင်ကို ငွေအပ်ခဲ့သည်ဟုသိရသည်။

သူမမှာ မိသားစု ၅ယောက်ရှိပြီး အစ်မဖြစ်သူနဲ့ မောင်ဖြစ်သူမှာ အိမ်ထောင်ကျသွားပြီဖြစ်ပြီး မိခင်နဲ့ ညီမငယ်ကို လုပ်ကိုင်ကျွေးမွေးနေသူဟုသိရသည်။

သူ့မဖခင်ဖြစ်သူ ဦးဝေအောင်ကြီးမှာ သေဆုံးသွားခဲ့ပြီးဟုသိရသည်။

ရခိုင်တွင် သြဂုတ်လနှင့် ဇူလိုင်လ ၂လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရေနစ်သေဆုံးသူ ၃၀ ကျော်ရှိခဲ့ပြီဖြစ်သည်။

မင်းပြားမြို့နယ်တွင် အမျိုးသမီး ၁ ဦး ဟင်းစားငါးရှာနေစဥ် ဝက်ရူးပြန်ရောဂါဖြင့် ရေနစ်သေဆုံးမှုဖြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ