Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် အမျိုးသား ၁ဦး ကြိုးဆွဲချ သေဆုံး

မင်းပြားမြို့နယ်တွင် အမျိုးသား ၁ဦး ကြိုးဆွဲချ သေဆုံး

ABN-ရှိုင်းမိုး

သြဂုတ် ၁၇ရက်

မင်းပြားမြို့နယ် နားပဲ့ချောင်းရွာမှ အမျိုးသား ၁ ဦး ကြိုးဆွဲချ သေဆုံးသွားသည်ဟုသိရသည်။

ယနေ့ သြဂုတ်လ ၁၇ရက်နေ့ နံနက်ပိုင်း ၈နာရီကျော်အချိန်က နားပဲ့ချောင်းရွာ၏ တောင်ဘက်ချောင်းနားတွင် ကြိုးဆွဲချ၍ သေဆုံးနေသည်ကို ငါးရှာသားတစ်ဦးက တွေ့မြင်ခဲ့သည်ဟုသိရသည်။

သေဆုံးနေသူမှာ အဖ ဦးသာဇံဖြူ၏သား အသက် ၂၈နှစ်အရွယ် ဦးအောင်ကြာထွန်းဖြစ်ကြောင်းသိရသည်။

၎င်းသည် သြဂုတ်လ ၁၆ရက်နေ့ ညနေပိုင်း ၆နာရီ မိနစ် ၃၀ အချိန်ခန့်က ၎င်းနေအိမ်မှ ထွက်သွားပြီး ပျောက်ဆုံးနေသည်ဟုသိရသည်။

အိမ်ပြန်မလာသောကြောင့် ညည့် ၁၀ နာရီကျော်အချိန်တွင် ဇနီးဖြစ်သူ မအလတ်ချေသည် ရွာထဲတွင် လိုက်ရှာခဲ့ပြီး မတွေ့သဖြင့် မိမိနေအိမ်သို့ပြန်လာ၍ အိပ်နေခဲ့သည်ဟု သိရသည်။

ဦးအောင်ကြာထွန်း နေအိမ်မှထွက်သွားသည်ကို ဇနီးဖြစ်သူ မသိလိုက်ကြောင်း နားပဲ့ချောင်းရွာမှ ဦးကျော်ချေကပြောသည်။

” သူဇနီးသည်ပြောတာကတော့ မနေ့ကညပိုင်းက အိမ်ကထွက်သွားတယ်၊ အိမ်ပြန်မရောက်လာဘူး၊ သူက တခုခုသွားမယ်ဆိုရင်လည်း ပြောပြတာမျိုးသိပ်မရှိဘူး၊ ဒါကြောင့် သူမ ရွာထဲမှာရှာခဲ့သေးကြောင်း ရှာမတွေ့လို့သူမပြန်လာတယ်လို့ သူမပြောကြောင်း” ပြောသည်။

ဦးအောင်ကြာထွန်းသည် စီးပွားရေး၊ လူမှုရေး ပြဿနာများလည်းမရှိကြောင်းနှင့် ဇနီးဖြစ်သူနဲ့လည်း ရန်ဖြစ်စကားများခဲ့ခြင်းမရှိကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

“သူက ပုံမှန်အေးဆေးပါပဲ၊ စကားများရန်ဖြစ်တာလည်းမရှိဘူး၊ လူမှုရေးပြဿနာလည်းမရှိဘူး၊ သူမသေခင်ရက်မနက်ပိုင်းကတော့ စိတ်ညစ်နေတဲ့ပုံနဲ့ထိုင်နေတာတွေ့တယ်၊ ဒီလောက်ပါပဲတခြားမရှိပါဘူး” ဟုဆိုသည်။

ဦးအောင်ကြာထွန်းသည် မြောက်ဦးမြို့နယ် ရှင်ရှည်ရွာကဖြစ်ပြီး၊ နားပဲ့ချောင်းရွာတွင် အိမ်ထောင်ကျနေပြီး ၅နှစ်အရွယ် သမီးတစ်ယောက်ရှိကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ