Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ဆိုင်ကယ်တိုက်ခံရသည့် ဒဏ်ရာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၆ရက်

မင်းပြားမြို့နယ်တွင် အောက်တိုဘာလ ၂၃ရက်နေ့က အမျိုးသား ၂ဦး ဆိုင်ကယ်တိုက်ခံရ၍ ၁ဦးမှာ ဆိုင်ကယ်တိုက်ခံရသည့် ဒဏ်ရာကြောင့် သေဆုံးပြီး နောက်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟုသိရှိရသည်။

ဆိုင်ကယ်တိုက်ခံရသော အမျိုးသား၂ဦးသည် မင်းပြားမြို့နယ် ကမ်းနီရွာမှဖြစ်ကြောင်းသိရှိရသည်။

ထို ၂ဦးထဲမှ သေဆုံးသွားသောသူသည် အသက် ၃၈နှစ်အရွယ် ဦးလှသန်းမောင်ဖြစ်ပြီး ဒဏ်ရာရရှိသွားသောသူမှာ အသက် ၆၀ ကျော်အရွယ် ဦးအေးကျော်တင်ဖြစ်ကြောင်းသိရှိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၂၃ရက်နေ့ ည၈နာရီအချိန်က ကြာအင်းတောင်ရွာမှ ကမ်းနီရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာရန် ဆိုင်ကယ်စီးရန် ပြင်ဆင်နေစဥ် ကျောင်းသား၂ဦးစီးလာသော ဆိုင်ကယ်မှဝင်တိုက်ခဲ့ကြောင်း ကမ်းနီးအုပ်ချုပ်ရေးမှူးက ပြောသည်။

“ည၈နာရီဆိုတော့ မှောင်နေပါပြီ၊ ကျောင်းသားတွေပါပဲ၊ ကျနော်တို့ရွာသား ၂ယောက်က ကြာအင်းတောင်ရွာကနေပြီး ကိုယ့်ရွာကိုပြန်လာဖို့လုပ်နေတာ၊ အဲဒီမှာဆိုင်ကယ်က ဝင်တိုက်မိတာလို့ပြောကြပါတယ်” ဟုဆိုသည်။

သေဆုံးသူ ဦးလှသန်းမောင်သည် ဆိုင်ကယ်တိုက်ခံရပြီးချိန်က ကမ်းနီးရွာတွင် ဆေးခန်းပြခဲ့ပြီး အောက်တိုဘာလ ၂၄ရက်နေ့တွင် နေမကောင်း၍ စစ်တွေဆေးရုံးသို့သွားခဲ့သည်ဟုသိရသည်။

သူသည် စစ်တွေဆေးရုံတွင် ယနေ့ နံနက် ၆နာရီကျော်အချိန်တွင် ဆိုင်ကယ်တိုက်ခံထားရသည့် ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟုသိရသည်။

လက်ရှိတွင် အလောင်းကိုကမ်းနီရွာသို့ယူဆောင်လာပြီး အောက်တိုဘာလ ၂၇ရက်နေ့ မနက်ဖြန် သဂြိုလ်မည်ဟုသိရသည်။

ဆိုင်ကယ်စီးနှင်းလာသော ကျောင်းသား၂ဦးသည် မင်းပြားမြို့နယ် သံကြိုး(ချင်းရွာ) မှဖြစ်ပြီး ၉တန်းကျောင်းသားများဖြစ်ကြောင်းသိရှိရသည်။

ထိုကျောင်းသား ၂ဦးကို ကမ်းနီအုပ်ချုပ်ရေးမှူးမှ ထိန်းသိမ်းထားပြီး ULA/AA၏သက်ဆိုင်ရာ နယ်​မြေအုပ်ချုပ်ရေးရုံးသို့ ပို့ဆောင်မည်ဟု အုပ်ချုပ်ရေးမှူးကပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ