Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် ဆိုင်ကယ်တိုက်ခံရ၍ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး

မင်းပြားမြို့နယ်တွင် ဆိုင်ကယ်တိုက်ခံရ၍ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး

ABN-ရှိုင်းမိုး

သြဂုတ် ၁၂ရက်

သြဂုတ်လ ၁၁ရက်နေ့ ညပိုင်း ၇နာရီ ၄၅မိနစ်အချိန်တွင် မင်းပြားမြို့နယ်ကျားပိုက္ကေရွာဂိတ်အနီးတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့၍ အတိုက်ခံရသူမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။

သေဆုံးသွားသူမှာ မင်းပြားမြို့နယ် ချော်ချောင်းရွာမှ အဘ ဦးအောင်စံလှ၏သား အသက် ၂၇နှစ်အရွယ် ကျော်နိုင်သန်းဖြစ်ကြောင်းသိရသည်။

မူခင်းဖြစ်ပွားစဥ်မှာ သေဆုံးသူ ကျော်နိုင်သန်းသည် ကျားပိုက္ကေရွာလမ်းမဘေးနားရှိ အရက်ဆိုင်မှ အရက်သောက်၍ထွက်လာပြီး ၎င်း၏ဆိုင်ကယ်အနီးတွင်ဆိုင်ကယ်စီးရန်ပြင်ဆင်နေစဥ်၊ မင်းပြားဖက်မှ အရက်မူးမူးဖြင့် လူ၃ဦးစီးနင်းလာသောဆိုင်ကယ်ဝင်တိုက်၍ နေရာတွင်သေဆုံးခဲ့သည်ဟုသိရသည်။

ဆိုင်ကယ်စီးလာသည့် လူ၃ဦးထဲမှ ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာပြင်း​ပြင်းထန်ထန်ရရှိသောကြောင့် မင်းပြားဆေးရုံကြီးသို့ယူဆောင်ခဲ့သည်ဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။

“ဆိုင်ကယ်အတိုက်ခံရတဲ့လူက အရက်ဆိုင်က အရက်သာက်ပြီးထွက်လာတာပါ၊ ပြီးတော့ သူဆိုင်ကယ်နားလာတယ်၊ ဆိုင်ကယ်စီးမလို့လုပ်နေတယ်၊ အဲဒီမှာ ဟိုကလည်းဆိုင်ကယ်ကို မတရားမောင်းလာတယ်၊ ပြီးတော့ ၃ယောက်လုံးက အရက်ကလည်းသောက်ထားကြသေးတယ်၊ ပြောရမယ်ဆိုရင် အတိုက်ခံရတဲ့သူရော၊ ဆိုင်ကယ်မောင်းသူရော ဆိုင်ကယ်နောက်ကလိုက်လာတဲ့ ၂ယောက်ရော အကုန်မူးနေကြတာ” ဟုပြောသည်။

ဆက်လက်ပြီး ” အတိုက်ခံရတဲ့သူက အဲဒီနေရာမှာသေသွားတယ်၊ ဆိုင်ကယ်စီးလာတဲ့ ၃ယောက်ထဲက ဆိုင်ကယ်မောင်းတဲ့သူမှာ ဒဏ်ရာရသွားတယ်၊ ဒါကြောင့်သူကိုဆေးရုံးကိုယူသွားတယ်၊ နောက် ၂ယောက်က ဘာမှမဖြစ်ခဲ့ဘူး” ဟုဆက်လက်ပြောသည်။

ဆိုင်ကယ်မောင်းသည့်သူမှာ ဦးခေါင်း၊နဖူးနှင့် မျက်နှာတို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်အပြင် အရက်မူးနေသောကြောင့် သတိမရတချက်၊ ရတချက်ဖြစ်နေသည်ဟု ဆေးရုံးလိုက်ပါပို့ဆောင်ပေးခဲ့သည့် ကျားပိုက္ကေရွာသားတစ်ဦးကပြောသည်။

“သူ့ဒဏ်ရာတွေက ဘယ်နားမှာလည်းဆိုတာ သိပ်မမြင်ရဘူး၊ ကျွန်နော်ထင်တာတော ခေါင်းတွေ၊ မျက်နှာတွေမှာထင်တယ်၊ ဘာလို့ဆို သူမျက်နှာတခုလုံးမှာသွေးတွေပဲ၊ ဆေးရုံးရောက်တော့ ဆရာမက သူနဖူးနားက ဒဏ်ရာကိုချုပ်မလို့လုပ်နေတယ်၊ သူက အရက်ကလည်းမူးနေတယ်၊ ဒဏ်ရာကလည်းပြင်းတယ်ဆိုတော့ သတိတောင်သေချာမရဘူး” ဟုပြောသည်။

လက်ရှိတွင် ဆိုင်ကယ်မောင်းလာသူမှာဒဏ်ရာရရှိသွား၍ ဆေးရုံတင်ထားရပြီး၊ ဆိုင်ကယ်နောက်လိုက်ပါလာသူ ၂ဦးကို ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ကဖမ်းဆီးထားသည်ဟုသိရှိရသည်။

ဆိုင်ကယ်စီးနင်းလာသူ ၃ဦးသည် မင်းပြားမြို့နယ် ကျောက်ခုတ်ရွာမှဖြစ်ပြီး ၎င်း၃ဦးမှာ အသက် ၂၅နှစ်အရွယ် ဦးသိန်းဌေး၊ အသက် ၂၅အရွယ် မောင်နိုင်စိုးနှင့် အသက် ၂၆နှစ်အရွယ် မောင်လှညွှန့်တို့ဖြစ်ကြောင်းသိရသည်။

သေဆုံးသူ ကျော်နိုင်သန်းကို ချော်ချောင်းရွာသို့ယူဆောင်သွားခဲ့သည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ