Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်​မှုကြောင့် ဒေသခံ ၂ဦး ဒဏ်ရာပြင်းထန်စွာရရှိ

မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်​မှုကြောင့် ဒေသခံ ၂ဦး ဒဏ်ရာပြင်းထန်စွာရရှိ

AB News – မတ်လ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့ မတ်လ ၂ရက်နေ့ နံနက် ၈နာရီကျော်အချိန်တွင် ဒေသခံ ၂ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ မင်းပြားမြို့နယ်၊ ဘားဘူတောင််ရွာမှ ဦးအောင်ကျော်သန်း ၄၉နှစ်၊ ဦးကုလားမောင် ၅၃နှစ်တို့ဖြစ်သည်။

ယမန်နေ့ နံနက် ၈နာရီ၊ ၁၃မိနစ်အချိန်တွင် စစ်ကောင်စီအဖွဲ့က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းပြားမြို့နယ်၊ ဘားဘူတောင်ရွာမှ ရွာသား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“အဲ့ရွာတွေက ခမရ ၅၄၁ တပ်ရင်းနဲ့ နီးတော့ မင်းပြားမှာ တိုက်ပွဲစဖြစ်ကတည်းက စစ်သားတွေက ရွာကို မီးရှို့ခဲ့တယ်။ ရွာသားတွေလည်း စစ်ရှောင်နေကြရတယ်။ အဲ့နားက တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းလိုက်ပြီဆိုတော့ သူတို့ရွာအခြေအနေကို လာကြည့်ကြတာ။ အဲ့အချိန်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရရှိကြတာ ဖြစ်တယ်” လို့ ဆိုသည်။

ဒဏ်ရာရရှိခဲ့သည့် မင်းပြားမြို့နယ်၊ ဘားဘူတောင်ရွာမှ ရွာသား ၂ဦးမှာ မင်းပြားမြို့ပြည်သူ့ဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက် ညဉ့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၁စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းပြားမြို့၊ ကင်းဆိပ်ရပ်ကွက်မှာ မြို့ခံ ၄ဦး ဒဏ်ရာရရှိခဲ့ရသည်။

 ဖေဖော်ဝါရီလ ၂၇နေ့၌ မင်းပြားမြို့နယ်၊ မင်းဖူးအရပ်ဘက်‌ဆေးရုံကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၎င်းဆေးရုံပျက်စီးခဲ့ရကာ ‌ဆေးရုံဝန်ထမ်းများနှင့် စစ်ကောင်စီ၏ သုံ့ပန်းများနှင့် သုံ့ပန်းမိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

ယင်းနေ့ ဖေဖော်ဝါရီ ၂၇ရက်နေ့တွင်ပင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်၊ သေကံကျေးရွာမှ ရွာသား ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးထားသည့် နေရာ မြို့ရွာများအား လေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ