ABN – သူရမောင်
ဇန်နဝါရီ ၅ ရက်
ရခိုင်ပြည် မင်းပြားမြို့နယ် တွင် စစ်ကောင်စီတပ်သားများ စစ်ကြောင်းလှုပ်ရှားမှုများရှိနေကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။
အင်အား ၁၁၀ ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ယနေ့ မွန်းတည့် ၁၁ နာရီ ၂၀ မိနစ်တွင် မင်းပြားမြို့နယ် တောင်ကြီး (ဒေသအခေါ်)ဘက်မှ မြောက်ဦးမြို့နယ် မြိုချောင်းရွာအနီးရှိ တောင်ဖြူတောင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် စစ်ကြောင်းလျှောက်သွားကြကြောင်း သိရသည်။
“စစ်သားတွေ စစ်ကြောင်းလျှောက်သွားတာတွေ့လိုက်ရပါတယ်။ အားလုံး ၁၁၀ ပါပါတယ်။ လက်နက်အပြည့်နဲ့ တောင်ဖြူတောင်ကို သွားကြတာလို့ သိရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများသည် ယခင်ကလည်း တောင်ဖြူတောင်မှ စစ်ကောင်စီတပ်သားများမှာ ပန်းမြောင်းဖက်သို့ဆင်းကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့မှစကာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အလွတ်သဘောတူထားကြပြီး တဖက်က တိုက်ခိုက်မှု စတင်သည်နှင့် ရခိုင်တွင် တိုက်ပွဲ ပြန်လည် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အပစ်အခတ် ရပ်စဲထားသည့်နေ့ရက်မှစပြီး ရခိုင်ရှိ သူတို့တပ်များသို့ နေ့စဥ် စားနက်ရိက္ခာများ ဖြည့်နေသည်ကို ABN ၏ စောင့်ကြည့်လေ့လာမှုအရ သိရသည်။